Main menu

ဆောင်းရာသီမှထွက်ပေါ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

             ယခုလိုဆောင်းရာသီအချိန်တွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပေါများစွာပေါ်ထွက်လာနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အတွင်း ဆောင်းရာသီတွင် ထွက်ပေါ်လာသော သီနှံများမှာ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းချဉ်သီးနှင့် ပြောင်း စသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အများအပြားထွက်ပေါ်လာပါသည်။ ဆောင်းရာသီဖြစ်၍ အသီးအနှံများ အများအပြားထွက်ပေါ် လာပြီး စားသုံးသူများအနေဖြင့် ပေါများစွာဝယ်ယူစားသုံး နိုင်ကြပါသည်။ ပြည်ခရိုင်အနေဖြင့် ပြည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအများအပြား စိုက်ပျိုးဒေသများမှာ မှော်ဇာ၊ ခွေးရဲ၊ ကင်ပွန်းခြုံကျေးရွာများဖြစ်ပြီး၊ ရွှေတောင်မြို့နယ်အနေဖြင့် မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာနှင့် ကိုးတွင်းစဉ်ကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်တွင် လေးကြီးကျေးရွာ၊ သဖန်းချိုကျေးရွာတို့တွင် စိုက်ပျိုးကြပါသည်။ ထိုကျေးရွာများတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ တချို့ကျေးရွာများတွင် စီးပွားဖြစ်မဟုတ်ပဲ အိမ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောသီးနှံများအနေဖြင့် စင်တင်၍ဖြင့် စိုက်ပျိုးရသောသီးနှံများဖြစ်သော ဘူးသီး၊ ဖရုံသီး၊ သခွားသီး၊ ခဝဲသီး၊ နှင့် ကြက်ဟင်းခါးသီးများကို စိုက်ပျိုးသလို မုန်လာဥ(ဖြူ၊ နီ)၊ ငရုတ်သီး၊ ခရမ်းသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဆလပ်၊ ကြက်သွန်နီ၊ နံနံပင်၊ ခရမ်းချဉ်သီးများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ကင်ပွန်းချဉ်၊ ဆူးပုတ်ပင်၊ ခွေးတောက်ပင်တို့ကိုလည်း စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးပြီးထွက်ရှိလာသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကုန်စိမ်းဒိုင်များမှ တစ်ဆင့်နယ်မြို့များရှိ ဈေးများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့လည်း အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ လာရောက်ရောင်းချသော အသီးအနှံများမှာ မုန်လာဥ(အဖြူ) တစ်တွဲလျှင် (၇၀၀-၈၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် (၁၀၀၀-၁၂၀၀-၁၅၀၀)ကျပ်၊ မုန်လာဥ (အနီ) တစ်ဆယ်ကျပ်သားလျှင် (၈၀၀-၁၀၀၀-၁၂၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်းသီး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ နံနံပင် တစ်စည်းလျှင် (၁၀၀)ကျပ်၊ ဆလပ်ရွက် တစ်စည်းလျှင် (၁၀၀)ကျပ်၊ ဆူးပုတ်ရွက် တစ်စည်း လျှင် (၂၀၀)ကျပ်၊ ဂွေးတောက်ရွက် တစ်စည်း လျှင်(၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)