ပြည်ဈေးကွက်တွင် အရသာခါးသက်သက်ရှိသည့် တမာရွက်ကိုအချဉ်ဖောက်ထားသော တမာချဉ်များအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိပါသည်။ ပြည်ဒေသအနီးရှိကျေးရွာများနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ဖိုးဦးတောင်၊ ညောင်ပင်သာ၊ မကျီးစုစသည့်ရွာများမှ လာရောက်ရောင်းချကြပါသည်။ တမာရွက်နုနုကို ရေနွေးဆူဆူတွင် နွမ်းယုံနှစ်ကာဆယ်၍ အအေးခံထားသော ကြိုပြီးသားဇီးသီးရည်ထဲတွင် ဆာငံငံခတ်ပြီး တမာရွက်နုနုအစည်းများကို အိုးသန့်ထဲတွင်ထည့်၍ ဖိသိပ်ထားပြီး အပေါ်မှဆားကို မနည်းမများဖုံးကာ လေလုံလုံပိတ်၍ အချဉ်ထည့်ရပါသည်။ တချို့မှာ မန်ကျည်းမှည့်ဖြင့် အချဉ်တည်၍စားသုံးကြောင်းလည်း သိရပါသည်။ တမာချဉ်ကို ခရမ်းချဉ်သီးငပိချက်၊ ငပိရည်ကျိုတို့ဖြင့် ရာသီပေါ်စားစရာအဖြစ် စားသုံးကြပါသည်။ ပြည်တမာ ချဉ်များကို ပြည်မြို့ပေါ်ရှိဈေးများအပြင် ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ပြီး ဈေးနှုန်းမှာ တမာချဉ်တစ်စီးလျှင် (၅၀၀-၆၀၀)ကျပ်နှုန်းဖြင့် ဈေးကောင်းရပြီး ရောင်းဝယ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)