ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးထွက်ရှိနေပြီဖြစ်ပါသည်။ တောင်သူများနေဖြင့် ခရမ်းကြွပ်သီးကို ဧကပြတ်စိုက်ပျိုးထားခြင်းမရှိဘဲ အခြားသီးနှံများဖြင့်ရောနှော၍ စိုက်ပျိုးထားရှိပါသည်။ ခရမ်းကြွပ်သီးကိုအများဆုံးစိုက်ပျိုး ဧကမှာ (၀.၂၅)ဧက တစ်ယောက်သာစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီး (၀.၂၅)ဧကတွင် အပင်ပေါင်း (၂၀၀၀)ခန့်စိုက်ပျိုးနိုင်ပြီး မျိုး၊ စိုက်ပျိုးစရိတ်၊ သွင်းအားစု လုပ်သားခအပါအဝင် ကုန်ကျစရိတ်မှာ (၅)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးခူးဆွတ်ချိန်ရောက်ရှိလျှင် (၃)ရက်ခြားတစ်ခါ ခူးဆွတ်ရရှိပြီး တစ်ကြိမ်ခူးဆွတ်လျှင် (၀.၂၅)ဧကတွင် အလုံးရေ (၈၅၀၀)ခန့် ခူးဆွတ်ရရှိကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးတစ်ခါစိုက်ပျိုးထားလျှင် ခူးဆွတ်ချိန်မှာ (၁)လခွဲခန့်ကြာမြင့်ပြီး ခူးဆွတ်သည့်အကြိမ်ရေမှာ (၁၅)ကြိမ်ခန့် ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ခရမ်းကြွပ်သီးများကို ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိလာရောက်ဝယ်ယူကြ၍ ဖောက်သည်ဈေးအနေဖြင့် တစ်လုံးလျှင် (၁၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ တောင်သူဝင်ငွေနေဖြင့် (၀.၂၅)ဧကတွင် (၁၂၇၅၀၀၀)ကျပ်ခန့် ရရှိပြီး အသားတင်အမြတ်အနေဖြင့် (၇၇၅၀၀၀) ကျပ် ရရှိကြောင်းသိရပါသည်။
ခရမ်းကြွပ်သီးကိုကုန်စိမ်းဒိုင်များမှတစ်ဆင့် နယ်မြို့များရှိဈေးကွက်များသို့ ပြန်လည်ဖြန့်ဖြုးရောင်းချကြကြောင်းသိရပါသည်။ စိုက်ပျိုးသူများအနေဖြင့်လည်း စိုက်ပျိုးသင့်သလို တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့်လည်း သင့်တင့်သောအမြတ်အစွန်းများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)