အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် ကမ္ဘာတွင်တန်ဖိုးထား အမြတ်တနိုးသုံးစွဲပြီးစီးပွားဖြစ်ထုတ်လုပ် စိုက်ပျိုးသောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း၊ နှစ်ခြိုက်စွာသုံးစွဲကြသောပန်း ဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဂန္ဓမာပန်းများတွင် မျိုးကွဲပေါင်းများစွာရှိပါသည်။ ပန်းမျိုးများ အားပန်းပွင့်၏ပုံစံ၊ အရောင်၊ အပင် အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးရှိကြပါသည်။ ဂန္ဓမာပန်းအမျိုးအစားများမှာ အန်းမားဖြူ၊ အန်းမားဝါ၊ လပ်ကီးဖြူ၊ လက်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ ပုလဲဖြူမှအစ ဂန္ဓမာပန်း မျိုးများစွာရှိပါသည်။ ပန်းများကိုအဓိကအားဖြင့် မေလနောက်ပိုင်းတွင် စိုက်ပျိုးရမည့်မျိုးနှင့် အောက်တိုဘာလနောက်ပိုင်းတွင် စိုက်ပျိုးရမည့်မျိုးများဖြစ်ပါသည်။ အန်းမား၊ လပ်ကီးမျိုးများကို မေလနောက်ပိုင်းနှင့်အောက်တိုဘာလနောက်ပိုင်းတွင် စိုက်ပျိုးနိုင်ပါသည်။
ဂန္ဓမာပန်းများကို စိုက်ပျိုးရန်အတွက် မိမိကြိုက်နှစ်သက်ရာမျိုးများကို ပျိုးပင်ရောင်းချသူများထံမှ ကြိုတင်မှာယူစိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းများကို မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံးစိုက်ပျိုးကြပါသည်။ ရွေးချယ်စိုက်ပျိုးထားသည့် ပန်းမျိုးအလိုက် ပန်းစပွင့်သည့်နေမှ (၄)ရက်ခြားတစ်ခါ တစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။ ပန်းများကိုဈေးကွက်အနီး အဝေးပေါ်မူတည်၍ ညနေ နေအေးသောအချိန်တွင် ခူးဆွတ်သင့်ပါသည်။ ခူးဆွတ်ပြီးသော ဂန္ဓမာပန်းများကို ပြည်ဈေးကွက်အတွင်းတွင် ရောင်းချလျက်ရှိရာ တစ်စည်းလျှင် (၂၅၀၀-၃၀၀၀)ကျပ် ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)