Main menu

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန်ရှောက်သီးမှ ထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန်လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြေးဖြေးဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက် ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၂၅၀) ကျပ်ထိ ဝယ်ယူရကြောင်း  သိရှိရသည်။

          ရှောက်ပျားရည် ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့်ရှောက်ရည်ကို ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချဉ်ရည်တို့ဖြင့် အချိုးအစားညီမျှစွာရောစပ်ပြီး အပူချိန် ( 90°C )အတွင်း ကျိုချက်၍ ထုတ်လုပ်ရ ကြောင်း သိရှိရသည်။ ရှောက်ပျားရည်တစ်ပုလင်းအတွက် ရှောက်သီး (အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ် မူတည်၍ ရှောက်သီး (၇ လုံးမှ ၁၀ လုံး)ခန့် အသုံးပြုရကြောင်း သိရှိရသည်။ ရှောက်ရည် ညှစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသော ရှောက်သီးဖက်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး  ပုံသဏ္ဍာန်အမျိုးမျိုးအနေဖြင့် ပျားရည်ဖြင့် နှပ်ထားသော (ရှောက်သီးဆေးပြားဗူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်သား အရေအတွက် (၃၀)ဦးခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် တစ်ရက်လုပ်သားခအနေဖြင့် လုပ်သားတစ်ဦးလျှင် (၁၀၀၀ဝ) ကျပ်ခန့် ပေးချေရကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှု ပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည် ပုလင်း နှစ်သိန်းခန့်၊ ‌ရှောက်ပျားရည် ပုလင်း ၅၀၀၀ခန့်၊ ‌‌‌ရှောက်သီးဆေးပြား တစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ပျားရည် တစ်ပုလင်းလျှင် ၄၅၀ဝ ကျပ်ဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် (ပျဉ်းမနား)အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့ အပြားသို့  တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များ ကြောင်းလည်း သိရှိရသည်။

             ထိုကဲ့သို့ ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့် ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)