Main menu

ငဖဲမြို့နယ်မှ တစ်နိုင်တစ်ပိုင်ပန်းစိုက်တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

Powered by Drupal

                 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာ၏ မြောက်ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ဂန္ဓမာပန်းနှင့် မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကာ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

             အိုးမြေတွင်းကျေးရွာတွင် စိုက်ပျိုးသောဂန္ဓမာပန်းမျိုးများမှာ လပ်ကီး၊ ရွှေကြယ်၊ ဆန်းမား မျိုးများဖြစ်ပြီး ပျိုးပင်ပေါက်များကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှတဆင့် မှာယူစိုက်ပျိုး ကြပါသည်။ ပျိုးပင်တစ်ပင်ကို (၁၂)ကျပ်မှ(၁၈)ကျပ်နှုန်းပေး၍ ဝယ်ယူရပြီး စိုက်ပျိုးမည့်မြေကိုလည်း သီးသန့်ထားကာကြိုတင်၍ မြေပြုပြင်ထွန်ယက်ထားရပါသည်။ စိုက်ပျိုးရာတွင် ပျိုးပင်ပေါက်များကို (၅ʺ) ပတ်လည်ကြား ချပြီးစိုက်ပျိုးပါသည်။ အပင်ရက်သား (၂၀) အရောက်တွင် ပေါင်းလိုက်၊ ပိုးသတ်ဆေး၊အားဆေး၊မှိုဆေးများ ဖြန်းပေးရပါသည်။ ပြာသိုလ်လတွင် စိုက်ပျိုးပြီး (၃)လကျော်လျှင် ပန်းများစတင်ရောင်းချကြပါသည်။ စိုက်ပျိုးမြေ(၀.၂၅)ဧကလျှင် ပန်းပင်(၃၀၀၀) စိုက်ပျိုးထား ရှိပါသည်။ ဈေးကွက်အနေဖြင့် ပန်းပင်တစ်ပင်ကို ပျမ်းမျှ(၂၅၀)ကျပ်နှုန်းဖြင့် ငဖဲမြို့မဈေးတွင် ရောင်းချပြီး ရပ်ကွက်အတွင်းမှ ဘုရားပန်းလှူကြသူများနှင့် မင်္ဂလာအခမ်းအနား အလှဆင်ခြင်း အတွက်လည်း အမြတ်တနိုးတန်ဖိုးထား သုံးစွဲကြောင်း သိရှိရပါသည်။ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၀.၂၅) ဧကလျှင် (၁၂၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ တစ်ရက်လျှင်(၁၅၀၀၀)ကျပ် ရောင်းချရပြီး တစ်လ(၄၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ အရင်းအနှီးနည်းပြီး အမြတ် များများကျန်သည့်အတွက် မိသားစုအပိုဝင်ငွေတိုးလျက်ရှိကြောင်း ကွင်းဆင်းလေ့လာချက်အရ ပန်းစိုက်တောင်သူ ဦးတင်ဝင်းထံမှ သိရှိရပါသည်။

             ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာများသည် မြေအောက်ရေ၊ မန်းချောင်းရေကို အသုံးပြု၍ ဂန္ဓမာပန်းနှင့် မေမြို့ပန်းများကို တစ်နိုင်တစ်ပိုင်ရာသီအလိုက် စိုက်ပျိုးရောင်းချပြီး ဝင်ငွေကောင်းလျက်ရှိကြကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မကွေး)