Main menu

တောင်ငူဒေသ နွေစပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်ဈေးကွက်အခြေအနေ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နွေစပါးစိုက်တောင်သူများ နွေစပါးများရိတ်သိမ်းနေကြပြီ ဖြစ်ပါသည်။ဒေသတွင်း  စိုက်ပျိုးမှုအများဆုံးဖြစ်သည့် ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧက ၆၀ တင်းမှ ၉၅ တင်းအထိရှိကြောင်း သိရှိရပါသည်။ ထိုင်းနှံကောက်စပါးသည် နွေစပါးစိုက်ပျိုးရာတွင် ရာသီဥတု နှင့် ကိုက်ညီခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ အထွက်ကောင်းခြင်းကြောင့် အများဆုံးစိုက်ပျိုးခြင်း ဖြစ်ပါ သည်။ သွင်းအားစုအနည်းငယ်အသုံးပြုသည့် တောင်သူများသည် တစ်ဧကလျှင် တင်း ၆၀ ခန့်၊ သွင်းအားစု ပြည့်မီအောင် သုံးစွဲသူ၊ မြေကောင်းသူများသည် တစ်ဧကလျှင် ၉၅ တင်းမှ တင်း ၁၀၀ အထိထွက်ရှိကြောင်း သိရှိရပါသည်။

              ရိတ်သိမ်းစက်ဖြင့်ရိတ်ပြီး လယ်ကွင်းထဲဝယ်ယူသည့် ပွဲစားရှိခြင်းကြောင့် စပါးရောင်းရသည်မှာ လွယ်ကူမှုရှိကြောင်း၊ စပါးအစိုဓါတ် ၂၀ ရာခိုင်နှုန်း ကျော်လွန်နေသည့်အတွက် မီးဆောင်း ပေးရသဖြင့် စပါးတစ်တင်း ၁၅ ပိဿာ၊ ပေါင်အားဖြင့် ၅၄ ပေါင်ဖြင့် ရောင်းချပေးရပါသည်။ ယနေ့ပေါက်ဈေးမှာ နွေစပါးကွင်းဈေး ၇၇၀၀၀၀ ကျပ်၊ စက်အရောက်ဈေး ၈၀၀၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း သိရပါသည်။ လက်ရှိဈေးနှုန်းအရ စပါးစိုက်တောင်သူများလည်း အကျိုးခံစားခွင့်ရရှိနေကြပါသည်။

             ဆန်စက်များလည်း နွေစပါးလှိုင်လှိုင်ထွက်လာသည့်အတွက် စက်များကြိတ်ခွဲလည်ပတ် ရလျှက်ရှိပါသည်။ လျှပ်စစ်မီးရရှိသည့်အချိန် နည်းပါးသည့်အတွက် မီးစက်များဖြင့် မောင်းနှင်လည်ပတ်နေကြရပါသည်။ စက်ရုံသို့ ရောက်ရှိလာသည့် စပါးများ ချက်ချင်းကြိတ်ခွဲ၍ မရသည့်အတွက်  အစိုဓါတ် ၂၃ ရာခိုင်နှုန်းရှိစပါးများအား အခြောက်ခံစက်ဖြင့် အစိုဓါတ် ၁၄ ရာခိုင်နှုန်းရောက်အောင် ဆောင်ရွက်ရပါသည်။

              မူလစပါးဝယ်ယူစဉ်က ၁၅ ပိဿာတစ်တင်းလျှင် အစိုဓါတ် ၁၄ ရာခိုင်နှုန်း ရောက်အောင် အခြောက်ခံပြီး အလေးချိန် ၁၃ ပိဿာဖြင့် ပြန်လည်ချိန်တွယ်သည့်အခါ ၉၄ တင်းသာ အသားတင် ရရှိကြောင်း၊ နွေစပါး ထိုင်းနှံကောက် ၉၄ တင်းကြိတ်ခွဲလျှင် ဆန် ၂၈ အိတ်၊ ဆန်ကွဲ ၂ အိတ်၊ ဖွဲနု ၄ အိတ် ထွက်ရှိကြောင်း၊ နွေစပါးမှ ထွက်ရှိသော ဆန်ဈေးနှုန်းမှာ ဧည့်မထ ၂၅% အဆင့် ၁၀၈ ပေါင် အိတ်တစ်အိတ်လျှင် ၂၇၅၀၀ ကျပ်၊ ဆန်ကွဲ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိဿာ ၂၀ ဖွဲနုအိတ် တစ်အိတ်လျှင် ၁၃၅၀၀ ကျပ် ရောင်းချရကြောင်း၊ အစိုဓါတ်ရှိသည့်စပါး အခြောက်ခံရာတွင် ၉၄ တင်း အသားတင်ရှိသော်လည်း ဆန်ထွက်ကောင်းသည့်စပါးနှင့် ဆန်ဈေးနှုန်းကောင်းသည့်အတွက် အရှုံးမရှိပါကြောင်း၊ ဆန်စက်များတွင် လုပ်သားခ၊ မီးစက်နှင့်မောင်းနှင်ရသည့်အတွက် ဒီဇယ်ဆီဖိုးသာရှိကြောင်း၊ ဆန်စက်များလည်း လည်ပတ်နိုင်သည့်အနေအထားရှိပါကြောင်း ဆန်စက်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)