စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ မေလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာမှ တောင်သူလယ်သမား ၃၀ ဦးအား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို ဟောပြောခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး အတွက် ဈေးနှုန်းဈေးကွက် သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များ ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦး စားသုံးသင့် သည့် ဆီပမာဏထက်ကျော်လွန်၍ စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့်အခြေအနေများ၊ မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများကို စားရမည့်အပြင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူပြုမည့် အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ရေတာရှည်မြို့နယ်တာဝန်ခံသည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ညနေ ၄ နာရီတွင် ဇလုတ်ကြီးကျေးရွာမှ တောင်သူလယ်သမား ၅၆ ဦးတို့အား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးက စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို ဟောပြောခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)