၁။ “ပဲစင်းငုံစားပေးအကျိုးများစေသောအားဆေး”
မြန်မာ့ပဲမျိုးများစွာရှိသည့်အနက် မြန်မာ့ပဲစင်းငုံသည် လူသုံးများသင့်သော ပဲမျိုးပင်ဖြစ် ပါသည်။ သို့သော် မြန်မာနိုင်ငံရှိပဲများစွာထဲမှ မြန်မာ့မျိုးရင်းပဲစင်းငုံ ကိုနှစ်ခြိုက်စွာ စားသုံးနေသူ မှာ အလွန် နည်းပါးနေပါသည်။ အကြောင်းရင်းမှာ အခြားပဲများ၏အကျိုးအာနိသင်များ နှင့်ယှဉ်လျှင်ပေးရ သောဈေးနှင့်မက ထိုက်တန်ပြီးအကျိုးကျေးဇူးများသော အစွမ်းဓါတ်သတ္ထု များစွာကို မသိရှိသေး၍ပင်။ ပဲစင်းငုံကို ကုလားပဲနှင့်ယှဉ်လျှင် အသုံးနည်းသော်လည်း လူနဲ့ ပိုတည့်သည်ဟု ရှေးလူကြီးများက ယုံကြည်ကြသည်။ အသားဓာတ်ပရိုတင်းဓာတ် အတွက် ပဲစင်းငုံကို နေ့တိုင်းစားသုံးပေးနိုင် ပါသည်။
အခြားပဲများကဲ့သို့ပင်ပဲစင်းငုံသည် ပရိုတင်းဓာတ် ပြည့်ဝစွာပါဝင်သောကြောင့်စားသုံးသူ များအတွက် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများဖွံဖြိုးမှုအတွက် ကောင်းစွာ တည်ဆောက် စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပါသည်။ ခန္ဓာကိုယ် ဆဲလ်အသစ် များကို တည်ဆောက်ရာ တွင် အထူးအထောက်အပံ့ပေးနိုင်သည်။ ပဲစင်းငုံတစ်ခွက် စားနိုင်လျှင် နေ့စဉ် အသားဓာတ် ၁၁ ဂရမ်ကိုရှိမည်။ ထို့ပြင် ဖောလိတ်ဓာတ်ကြွယ်ဝခြင်းကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေနိုင်ပါ။
ဗီတာမင်ဘီ (B) နှင့် စီ (C) အုပ်စု ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား မြင့်တက် စေနိုင်ပါသည်။ အမျှင်ဓာတ်များ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းစွာ အထောက် အကူပြုပေးပါသည်။ မြန်မာ့ဆေးကျမ်း ဖြစ်သောဓာတု ရသကျမ်းတွင် ပဲစင်းငုံ ကြီးသည် သလိပ်၊ သဲခြေနာကို ကျေဖျက်နိုင်သောကြောင့် ဆေးအဖြစ် စားသုံးပေး နိုင်ပါသည်။ လည်ချောင်း နာခြင်းနှင့် ဝမ်းသွားခြင်းများအတွက်လည်း အသုံးပြုကြပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပဲစင်းငုံ၏ အရွက်ဖြင့် ဝမ်းလျောရောဂါ၊ ချောင်းဆိုးရောဂါ နှင့် ရင်ခေါင်းပိုင်းနာကျင်ခြင်းတို့ အတွက် အသုံးပြုကြသည်။
ပဲစင်းငုံပင်၏ အမြစ်များကို ရှေးအခါမှယခုတိုင် တရုတ်တိုင်းရင်းဆေးတွင် စိတ်ငြိမ်ဆေး ဖော်စပ်ရာမှာ အဓိကအသုံးပြုကြသည်။ အရွက်ကိုမူ ပူပိုင်းဒေသရှိ ရေရှားပါးရာနေရာများတွင် လည်းပေါက်ရောက်ရှင်သန်နိုင်သောကြောင့် နွားစာအဖြစ်အဓိကအားထားပြုကြသည်။
၂။ “ပဲစင်းငုံပင်၏သမိုင်းအစတွင် လေ့လာမှတ်သားစရာပင်”
ပဲစင်းငုံကို အင်္ဂလိပ်လို (Pigeon Pea) ဟုခေါ်ကာ ပဲစင်းငုံပင်မျိုးများကို ရုက္ခဗေဒ သိပ္ပံ အမည်မှာ (Cajaum Cajan Millsp) ဟူ၍ခေတ်ဦးနှစ်များ စွာထဲက အိန္ဒယနိုင်ငံတွင် သဘာဝအလျှောက်ပေါက်နေခဲ့သည်မှာ နှစ်ပေါင်း၃၅၀၀ ကျော်ကပင် ဖြစ်သည်။ သက်တမ်း အားဖြင့် ကြာမြင့်သလို သဘာဝဒဏ်ခုခံနိုင်စွမ်းရှိသောနှစ်ရှည်ခြုံပင်မျိုးနွယ် ဖြစ်သည်။နှင်းခါး ရိုက်မှုဒဏ်ကိုမူ မခံနိုင်ပေ။ ထို့ကြောင့်ပင် ပဲစင်းငုံကိုအများအားဖြင့် အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းကြပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စားသုံးမှု အမြင့်ဆုံးဖြစ်သည်။ အနောက်တိုင်းဒေသတို့တွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးကြပြီး ပေါင်မုန့်လုပ်ရာတွင် အခြားသောကောက်ပဲသီးနှံများနှင့် ရောနှောအသုံးပြုကြသည်။ မြန်မာနိုင်ငံ တွင် အချို့ဒေသများတွင် စစ်ပိုင်ပဲ ဟုခေါ်ကြသည်။
ထူးခြားချက်မှာ အခြားပဲမျိုးနွယ်များကဲ့သို့မဟုတ်။ အမြစ်နက်နက် တိုးဝင်ကာ မြေအအတွင်းမှ အစိုဓာတ်ကိုအလွယ်တကူ ရယူနိုင်စွမ်းရှိသည်။ ထိုပြင် အခြားသီးနှံ ပင်များကို ထိခိုက်ခြင်းမရှိပဲ မြေဆီဩဇာပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်စွမ်းရှိသည်။ အပင်ပေါက်ပြီး တော်တော်နှင့်အကြီးမမြန်ပါ။ အထနှေးပြီး နောက်ပိုင်း အပင်ကြီးဖြစ်သွားကာ လူတစ်ရပ်မက ဖြစ်သွားသည်။ စိုက်လျှင်အပင်ရေနည်းနည်း ခပ်ကျဲကျဲ စိုက်ရမည်။ အပင်၏ သဘာဝ ကြောင့် စောစောတွင်အကြီးမြန်မှုနှေးသောကြောင့် မြေကွက်တွင် ဟာနေမည် ဖြစ်သည်။ ဒါကြောင့် အခြားသီးနှံ (သက်လျင်) တစ်မျိုးကို စိုက်ပျိုးပေးနိုင်သည့် အခွင့်အရေးရှိသည်။ ထို့ကြောင့် ပဲစင်းငုံကို အခြားသီးနှံ သက်လျင်မျိုးများဖြစ်သော နှမ်းလျင်၊ ပဲတီစိမ်း၊ မြေပဲ စသည်တို့နှင့် သီးညှပ် သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ အဓိကသီးနှံဖြစ်သော ပဲစင်းငုံအထွက်တိုး မျှော်ကိုးကာ အခြားသီးနှံကို သီးထပ်သီးနှံမှလည်း ပိုဝင်ငွေရရှိစေနိုင်မည် ဖြစ်သည်။
နှစ်ရှည်ခြုံပင်သီးနှံမျိုးဖြစ်သော်လည်း ပဲစင်းငုံကိုမြန်မာနိုင်ငံတွင်မူ တစ်နှစ်ခံသီးနှံအဖြစ် သာစိုက်ပျိုးကြသည်။ အချို့က ကြားညှပ်သီးနှံထပ်အဖြစ်လည်းစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းအပူပိုင်းခြောက်သွေ့ဒေသများဖြစ်ကြသော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ပဲစင်းငုံ၏အသီးမှာခပ်ပြားပြား ပုံစံရှိပြီး အရှည်မှာ (၁ လက်မ ၂ လက်မခွဲ)အထိရှိသည်။ ပဲစင်းငုံအစေ့မှာ လုံးစန်းပြီး အချို့မှာ ဘဲဉပုံစံဖြစ်သည်။ ရေမြေ ရာသီဉတုကိုလိုက်၍အရောင်မှာ အဖြူ၊ အညို၊ အနီ၊ မီးခိုးရောင်(သို့) ခရမ်းရောင်သန်းသောအရောင်နှင့် အရွယ်အစားပုံစံ များကွဲပြားသွားကြသည်။
ပဲစင်းငုံ စိုက်ပျိုး ရန်မြေရွေးချယ်ကြရာ မရွေးသမမြေနှင့် ရွှံ့သဲသမမြေအထိ စိုက်ပျိုးနိုင်ပါသည်။ မြေနီကျောက် စရစ် ၊မြေနီသဲဝန်း ၊စနယ်မြေနက်တို့တွင် ပိုမိုဖြစ်ထွန်းသည်။ စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါက မြေဆီလွှာ အချဉ်ဓာတ် (၇) ရှိသောမြေ ရေစီးရေလာ ကောင်းမွန်သော မြေမျိုးတွင်ဖြစ်ထွန်း အောင်မြင်နိုင်မည်ဖြစ်သည်။ မြေဆီလွှာ အချဉ်ဓာတ်လွန် ကဲခြင်းနှင့် ဆားပေါက်သောမြေတွင် ပဲစင်းငုံအမြစ်ဖုဖြစ်ခြင်းကို ဟန့်တားနိုင်ပြီး၊မြေအချဉ်ငန် ဓာတ်(၅ ဒဿမ ၅) ထက်လျေိာ့နည်းပါက စီးပွားဖြစ် အပင်မဖြစ်ထွန်းနိုင်ပါ။
ပဲစင်းငုံ၏အမြစ် သည် မြေဆီမြေဩဇာကိုပြုပြင်ပေးသည်။ ပဲစင်းငုံ၏ အရွက် ၊ အသီးခြောက်များ၊ ပဲမှော်များသည် လေထဲရှိ နှိုက်ထရိုဂျင်ကို တစ်ရာသီ စိုက်ပျိုးနေစဉ်အတွင်း (၁၈ မှ ၂၈ ) ပေါင် အထိစုပ်ယူနိုင်စွမ်းရှိြပီး မြေဆီလွှာအတွက် နှိုက်ထရိုဂျင်ဓာတ်ကို တိုးမြှင့်ပေးသည်ဟု သုတေတန ပညာရှင်များကလေ့လာတွေ့ရှိကြသည်။ ထို့ကြောင့် မြေဩဇာ မကောင်းသောမြေများတွင်ပို၍ ပင်စိုက်ပျိုးသင့်ပေသည်။
၃။ “ပဲစင်းငုံအားထားစိုက် နိုင်ငံခြားဝင်ငွေတိုးမြှင့်လိုက်”
“အယ်နီညို”ဟုကြားလိုက်လျှင် မြန်မာ့ရာသီဉတုအတွက် နေရာဒေသညွန်းကိန်းအရ မြန်မာနိုင်ငံအလယ်ပိုင်း အကြောင်းခေါင်းထဲအတွေးထဲပေါ်လာမည်။ တိုင်းဒေသကြီးအနေနှင့် ပြော ရလျှင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ပင်ဖြစ်သည်။ နဂိုမူလ မိုးခေါင်ရေရှား သောထို ဒေသတို့အတွက် ဘယ်လိုသီးနှံများစိုက်ပျိုးဖြစ်ထွန်းနိုင်မည်နည်း။ ဘယ်လို သီးနှံများ စိုက်ပျိုးလျှင် တောင်သူလယ်သမားများအတွက် အကျိုးပိုဖြစ်ထွန်းနိုင်မည်ကိုစဉ်းစား၍ မရလှျင် သီးနှံစိုက် “မြေကြီးမှရွှေသီး”ရသကဲ့သို့ အကျိုးဖြစ်စေရန် ပဲစင်းငုံသာ ရည်ညွှန်းဖြစ်မည်။ စိုက်လည်းသေချာပေါက်စိုက်သင့်သည်။
အကြောင်းမှာ နှစ်စဉ်မြန်မာနိုင်ငံတွင်အရေးကြီးသီးနှံ အဖြစ် ကောက်ပဲသီးနှံတွင် စပါး သီးနှံကို ဧကတစ်ဆယ့်ရှစ်သန်းခန့် စိုက်ပျိုးပြီး ပဲသီးနှံမျိုးကို ဧကဆယ်သန်းကျော် စိုက်ပျိုးကာ နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် ပဲတင်ပို့မှု အများဆုံးနိုင်ငံများ ထဲတွင်ပါဝင် သည်။ အာဆီယံနိုင်ငံများတွင် ပဲစိုက်ပျိုးထုတ်လုပ်မှုတွင်ဉီးဆောင်နေသော နိုင်ငံဖြစ်သော ကြောင့်ပင်။ ထိုတာဝန်ကို ခုနှစ်သက္ကရာဇ်အားဖြင့် ၁၉၉၉ ခုနှစ်မှ စတင်တာဝန်ယူထားခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် ပဲမျိုးများစွာ စိုက်ပျိုးနိုင်သော်လည်း ရင်းနှီးကုန်ကျစရိတ် သက်သာပြီး ဝင်ငွေရလွယ်သည့်(Cash Crop) အဖြစ်လူသိများသည့် ပဲစင်းငုံကို တောင်သူ လယ်သမားတို့ အကျိုးစီးပွားအတွက်ရော နိုင်ငံခြားငွေရရှိရေး အတွက်ပါ လျစ်လျူရှူ မနေသင့် သော ပဲသီးနှံတစ်မျိုးပင်ဖြစ်ပါတော့သည်။
DOCA(ရှမ်း)