Main menu

မင်းဘူး(စကု)မြို့နယ်အတွင်း “မိုးနှမ်း” စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် မိုးနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံအဖြစ် နှမ်းကို အဓိကအားထား စိုက်ပျိုးကြပြီး ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း၊ ဝါ၊ နေကြာနှင့်မိုးစပါးတို့ကိုလည်း စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် တစ်ဧကကိုနှမ်းမျိုးစေ့တစ်ပြည်ခန့် ကုန်ကျကာစိုက်ပျိုးပြီး နှမ်းပေါင်းနှုတ်၊ ကြားတိုက်၊ ဘောင်တင်ဆောင်ရွက်ပြီးချိန် တစ်လခွဲကြာလျှင် အပွင့်လိုက်အသီးအစပြုကြောင်း၊ နှမ်းမျိုးစေ့နှင့် စိုက်နည်းစနစ်အပေါ်မူတည်၍ စိုက်ပျိုးပြီးချိန် ရက်ပေါင်း(၉၀)နှင့်(၁၀၀)ကြားတွင် စတင် နှုတ်သိမ်းရပြီး အသီးကောင်းလျှင် တစ်ဧကပျမ်းမျှအထွက်နှုန်း(၅)တင်းမှ (၁၀)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

       မြေကြီးအစိုအခြောက်ပေါ်မူတည်ပြီး (မိုးနှမ်း)စမုံနက် နှမ်းမျိုးကို(၅)ဧကအတွင်း နှမ်းမျိုး (၁၀)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်ပြည်ကို(၅၀၀၀)ကျပ်နှုန်းနှင့် တစ်တင်း(၈၀၀၀၀)ကျပ် ပေး၍ဝယ်ယူရကြောင်း၊ နှမ်းမျိုးကို တောင်သူအချင်းချင်းဝယ်ပြီး ပြန်စိုက်ပျိုးရကြောင်း၊ နှမ်း စတင်စိုက်ပျိုးချိန်တွင် အလုပ်သမားအခက်အခဲမရှိသော်လည်း နှမ်းပေါင်းနှုတ်ချိန် အလုပ်သမား ရှားပါးကြောင်းသိရှိရပါသည်။ကမ်းနီကျေးရွာတွင် ခန့်မှန်းဧက(၁၅၀)ခန့်ရှိပြီး ထွန်ယှက် (ကြောင်းဆွဲ)စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရာသီဥတုမှန်လျှင်(၅)ဧကကို ပျမ်းမျှ (၂၅) တင်း မှတင်း(၃၀)ကြား ထွက်ရှိနိုင်ကြောင်းလေ့လာချက်အရ ကမ်းနီကျေးရွာမှ တောင်သူ ဦးကျော်ဆန်းဝင်းထံမှ သိရှိရပါသည်။

          မင်းဘူး(စကု)မြို့နယ်အတွင်းရှိကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း မိုးကောင်းသဖြင့် မိုးသီးနှံများတစ်နယ်လုံး စိုက်ပျိုးလျက်ရှိကြောင်း ဒေသတွင်းစားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံအဖြစ် မိုးနှမ်းကိုဧကပေါင်း (၅၈၇၀၀)ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)