တနင်္သာရီတိုင်းဒေသကြီးအတွင်း တညင်ပင်သည် အလေ့ကျပေါက်သကဲ့သို့ လူနေခြံမြေများတွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။ တညင်ပင်မှထွက်သော အရွက်၊ ပန်း၊ အဖူးနှင့် အသီးကိုပင် ဟင်းလျာအဖြစ် အမျိုးမျိုးပြုလုပ်ကာ စားသောက်နိုင်ပါသည်။ ထားဝယ်မြို့မှ ထားဝယ်လူမျိုးအများစုသည် ထားဝယ်ရိုးရာမုန့်ဟင်းခါးချက်ပြုတ်ရာတွင် တညင်ရွက်သည် မပါမဖြစ် အဓိကထားထည့်သွင်း ချက်ပြုတ်ကြပါသည်။ တညင်ရွက်နုလေးများအား ရှပ်လုံးများနှင့်ရောကာ ဟင်းချိုချက်ပြုတ်ခြင်း၊ အစိမ်းတိုင်းသော်လည်းကောင်းရေနွေးဖျော၍ သော်လည်းကောင်း ငါးပိသုတ်၊ ငါးပိထောင်းများဖြင့် ရောစပ်ကာ ထမင်းမြိန်စေရန် တို့စရာအဖြစ်လည်းစားသုံးကြသကဲ့သို့ ပါးပါးလှီးကာ သုတ်စားခြင်း၊ အခြား ဟင်းလျာများတွင်လည်း ထည့်သွင်းချက်ပြုတ်ကြပါသည်။ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် တညင်ရွက်အားပါးပါးလှီးကာ ဒေသထွက် ဂုံး(ခေါ်) ရှပ်ခရု၊ ကြက်ဥများဖြင့် ရောမွှေကာ ကြော်လိုက်လျင် အလွန်ချိုမြိန်လှသော ဒေသဟင်းလျာတစ်ခုအဖြစ် ထင်ရှားလျက်ရှိပါသည်။
တနင်္သာရီတိုင်းမှဒေသခံများသည် တညင်ရွက်အား အလွန်ကြိုက်နှစ်သက်ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောက်ရှိရွေ့လျားအလုပ်လုပ်ကိုင်နေသော ဒေသခံများသည် လေယာဥ်ဖြင့်ပင်သယ်ယူစား သုံးလျက်ရှိပါသည်။ တညင်ရွက်သည် တစ်နှစ်ပတ်လုံး ထွက်ရှိလျက်ရှိသော်လည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် အထွက်နှုန်းနည်းငယ်ကျဆင်းတက်ပါသည်။ လက်ရှိထားဝယ်မြို့ပေါ်ရှိ တညင်ရွက်စျေးနှုန်းမှာ တစ်စည်းလျှင် ၆၀၀/၇၀၀ ခန့် ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းမှ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ငယ်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)