Main menu

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ နွေကြက်သွန်နီပင်စိုက်(အဟောင်း) အပြင် မိုးကြက်သွန်နီ ဥစိုက်(အသစ်)များလည်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)မှစ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင်  နွေကြက်သွန်နီ (အဟောင်းနှင့် အသစ်)များ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင် မြို့နယ် ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီ (အဟောင်း)များ ကုန်ဆုံးရာသီချိန်ဖြစ်သော်လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ(အသစ်/အဟောင်း) ပျမ်းမျှကုန်ချိန်ပိဿာ(၂)သောင်းခန့် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်သို့ မိုးကြက်သွန်နီဥစိုက်(အသစ်) ကုန်ချိန်ဝင်ရောက်မှုများလာကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ(တတိယပတ်)တွင် နွေကြက်သွန်နီ(အဟောင်း)မှာ ဈေးကျဆင်းပြီး ရောင်းအဝယ်ဖြစ်ကြောင်း၊  ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ် ပိဿာ ကျပ်(၂၃၀၀-၁၆၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည် သန့်စင် ပြီး ဥအကြီးအရွယ် အစား၊ အရောင်အဆင်း လိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ မိုးကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် တောဈေး(ဂျွန်) ကျပ်(၂၆၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံမှ ပြန်လည်ရောင်းချဈေး တစ်ပိဿာလျှင် ကျပ် (၃၃၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဒီဇင်ဘာလ(ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက နွေကြက်သွန်နီ(အဟောင်း/အသစ်) တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့် ကျဆင်း၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်သို့ ဝင်ရောက်မှု များလာကြောင်း၊ ဇန်နဝါရီလ ဆန်းပိုင်းတွင် မိုးကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်မြို့၊ မြန်မာနိုင်ငံအောက်ပိုင်း ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့ မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန် ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)