မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုဒီဇင်ဘာလ(စတုတ္ထပတ်)ထိ ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲသီးနှံ စိုက်ပျိုးရာသီချိန်ဖြစ်၍ သီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေး၍ ကျွန်းစားတော်ပဲ(အဟောင်း)များကိုသာ ပွဲရုံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှု များသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ဆိပ်ဖြူ၊ ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာ(ဒုတိယပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ် (၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ အောက်တိုဘာလတွင် စားတော်ပဲ တစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ နိုဝင်ဘာလတွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၆၀၀၀)၊ ဒီဇင် ဘာလ(စတုတ္ထပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းတစ်ရိပ်ရိပ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ယခု တစ်လအတွင်း ဈေးနှုန်း နှိုင်းယှဉ်ပါက စားတော်ပဲတစ်တင်းလျှင် ကျပ်(၂၄၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက်တွင် သီးနှံ(အသစ်)ဝင်ရောက်ခြင်းမရှိသေး၍ ယခုအချိန်တွင် စားတော်ပဲသီးနှံ(အဟောင်း) မှာ လက်ကျန်နည်းနေပြီဖြစ်ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ် အတွင်း ပိဿာ(၃၀)ဝင် အိတ် (၁၅) မှ (၂၀) ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်သီးနှံကို နေ့စဉ် စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူး မတ်လဆန်းပိုင်းတွင် ကိုင်းကျွန်းမြေစိုက် စားတော်ပဲနှင့် ယောနယ်ဒေသထွက် စားတော်ပဲ(အသစ်)များ ဈေးကွက်သို့ စတင်ဝင်ရောက် လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)