
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနက် (စမုန်)များ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိ သည် တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်(၂၀၀ - ၃၀၀)ဝင်ရောက်၍ တစ်ပတ် အတွင်း အိတ် (၁၅၀၀)ခန့် ဝင်ရောက်ကြောင်း၊ နှမ်းဝါနှင့် နှမ်းနက်(စမုန်)များ ပိုမိုအရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်(စမုန်)မှာ ပြည်တွင်းပြည်ပဝယ်လိုအားကောင်း၍ ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိသည်။
ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းအရည်အသွေးလိုက်၍ နှမ်းနက်(စမုန်) တစ်တင်းလျှင်ကျပ်(၂၃၀၀၀၀-၂၂၀၀၀၀-၂၀၈၀၀၀)အရောင်းအဝယ်ဖြစ်ပြီး ယခင်နိုဝင်ဘာ(စတုတ္ထပတ်) တွင် တစ်တင်းလျှင်ကျပ်(၂၀၅၀၀၀-၁၉၅၀၀၀)အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၃၀၀၀၀-၁၂၅၀၀၀-၁၁၀၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀-၁၁၂၀၀၀)၊ ယခင် အောက်တိုဘာ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် ကျပ်(၂၅၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၅၀၀၀)ဈေးတက်ပြီး နှမ်းဝါမှာ ဈေးငြိမ်နေကြောင်းသိရသည်။ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု ဒေသထွက် နှမ်းဝါနှင့် နှမ်းနက်(စမုန်)များ အများဆုံး ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)