Main menu

လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် သတင်းတင်ပြချက် (၄-၁-၂၀၂၅ နေ့မှ ၁၀-၁-၂၀၂၅ နေ့အထိ) မော်ရိုကိုနိုင်ငံ၌ ရာသီဥတုခြောက်သွေ့ပြီး စိုက်ပျိုးထုတ်လုပ်မှုကျဆင်းသဖြင့် ဆန်တင်သွင်းမှု တိုးမြှင့်

Powered by Drupal

၁။      အာဖရိကမြောက်ပိုင်းဒေသရှိ မော်ရိုကိုနိုင်ငံ၌ ရာသီဥတုခြောက်သွေ့မှုကြောင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု သိသာစွာကျဆင်းခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ပြည်ပမှဆန် တင်သွင်းခြင်းကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

၂။       ပြည်တွင်း၌ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မော်ရိုကိုနိုင်ငံသည် ကမ္ဘာ့ဆန် ပေးသွင်းသူများထံမှ မှာယူတင်သွင်းခဲ့ရာ ပထမအသုတ် ဆန်ကုန်သေတ္တာများသည် ဇန်နဝါရီလ အတွင်း ရောက်ရှိနိုင်ကြောင်း၊ စားသောက်ကုန် ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ပေါ်နေခြင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၅၀၀၀ ကို တင်သွင်းရန် ခွင့်ပြုထားကြောင်း၊ ထိုကဲ့သို့တင်သွင်းသည့် ဆန်များအတွက် အကောက်ခွန်နှင့် တန်ဖိုးမြှင့်အခွန် စည်းကြပ်ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း Morocco World News သတင်း ဌာနက ဖော်ပြထားသည်။

၃။      ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးနှင့် နိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအား အကာအကွယ် ပေးရေးတို့ကို ရှေ့ရှုဆောင်ရွက်သည့် အဆိုပါ ဆန်တင်သွင်းမှု ယာယီအစီအစဉ်သည် ဇန်နဝါရီ ၁ ရက်နေ့မှ စတင် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ သို့သော် လတ်တလော ဆန်ပြတ်လပ်မှုကို ကုစားနိုင်ရန်အတွက်သာ ကာလတိုဖြေရှင်းမှုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး ဆန်စပါးလုပ်ငန်းနယ် ပယ်အတွက် စွဲမြဲစွာ ကျင့်သုံးမှုပြုမည်မဟုတ်ကြောင်း သိရှိရသည်။

၄။      လက်ရှိကာလတွင် ဆက်လက်ဖြစ်ပေါ်နေသော ရာသီဥတုခြောက်သွေ့မှုကြောင့် မော်ရိုကို ၏ ဆန်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၌ တန်ချိန် ၅၅၀၀၀ ရှိရာမှ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၇၀၀၀ သို့ သိသာစွာ ကျဆင်းခဲ့သည်။ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များ၌ ပျမ်းမျှ ဆန်ထွက်ရှိမှု တန်ချိန် ၇၄၀၀၀ နှင့် နှိုင်းယှဉ်ပါက တစ်ဟုန်ထိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။ မော်ရိုကိုနိုင်ငံရှိ ဆန်စပါး အဓိကစိုက်ပျိုး ရာ သမားရိုးကျဒေသများဖြစ်သော Loukkos နှင့် Gharb နယ်မြေဒေသများတွင် စပါးစိုက်ဧရိယာ သည် ဟက်တာ ၉၀၀ အောက်အထိ လျော့ကျခဲ့ပြီး ယခင်က ဆန်အဓိက ထုတ်လုပ်ခဲ့သော Gharb ‌ဒေသမှ ယခုနှစ်စိုက်ပျိုးရာသီ၌ ဆန်လုံးဝထွက်ရှိမှု မရှိကြောင်း သိရှိရသည်။

၅။      ကမ္ဘာ့ကုလသမဂ္ဂ ကန္တာရဖြစ်ပေါ်မှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ (UNCCD) က မကြာ သေးမီကာလ၌ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အာဖရိကမြောက်ပိုင်း‌ဒေသ၌ ခြောက် သွေ့မှုဘေးအန္တရာယ် ရင်ဆိုင်ရခြေအရှိဆုံး နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော မော်ရိုကို အနေဖြင့် ၎င်း၏ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို ခြိမ်းခြောက်နေသည့် ပြင်း ထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။ အဆိုပါ အခြေအနေ၌ ရာသီဥတုပြောင်းလဲမှုသည် ၆ နှစ်ကြာ ခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေပြီး ဂျုံ၊ ပြောင်းနှင့် ဘာလီ စသည့် နှံစားသီးနှံစိုက်ပျိုးသော တောင်သူများအတွက် ထိခိုက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရာသီဥတုခြောက်သွေ့မှုသည် မော်ရိုကို၏ လယ်ယာမြေများကို အသွင်ပြောင်းလဲမှုဖြစ်ပေါ်စေခဲ့ပြီး စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးလျက်ရှိကြောင်း ၎င်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

၆။      အဆိုပါ အကျပ်အတည်းက မော်ရိုကိုအတွက် ပြည်ပမှ ဂျုံတင်သွင်းရမှုအပေါ် ကြီးမားစွာ မှီခိုရန် တွန်းအားပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဂျုံတန်ချိန် ၂.၅ သန်းကို တင်သွင်းခဲ့ရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဂျုံတင်သွင်းမှု အများဆုံးနိုင်ငံစာရင်းတွင် မော်ရိုကိုသည် ဆဋ္ဌမအအဆင့်၌ ရပ်တည်နေခဲ့ပြီး အဓိက စားနပ်ရိက္ခာ အတွက် ပြင်ပအရင်းအမြစ်များအပေါ် အမှီပြုနေရခြင်းကို ထင်ဟပ်လျက်ရှိသည်။

၇။      မော်ရိုကို အမျိုးသားဆန်လုပ်ငန်းကျွမ်းကျင်သူများအသင်း၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်နေသည့် MUNDIRIZ ဆန်ကုမ္ပဏီမှ အကြီးအကဲဖြစ်သူ Mohamed Larbi Ghazouani က ၎င်းတို့အနေဖြင့် အိန္ဒိယ၊ ထိုင်း၊ ဘရာဇီး၊ အာဂျင်တီးနား နိုင်ငံများရှိ ဆန်ပေးသွင်းသူများနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အိန္ဒိယကုန်သည်များက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်ဆန်များ ပေးသွင်းနိုင်ချိန်တွင် အထူးသဖြင့် ဘရာဇီးကုန်သည် များသည် အရည်အသွေးမြင့်မားသည့်ဆန်ကို ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းဈေးကွက် လိုအပ် ချက်အတွက် ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းထက် မပိုသည့် အရည်အသွေးကောင်းမွန်သော ဆန်များ ကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးနိုင်ရန် လေ့လာလျက်ရှိကြောင်း၊ တင်သွင်းလာ သည့် ဆန်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်းမပြုမီ မော်ရိုကိုနိုင်ငံသားများ၏ စက်ရုံများတွင် ပြုပြင်မှုများ လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၈။      မော်ရိုကို အစိုးရ၏ မကြာသေးမီက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် ကုန်ထုတ်လုပ်သူ များအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆန်တင်သွင်းခွင့်ရရှိစေမည်ဖြစ်သည်။ ထိုကဲ့သို့ ဆန် တင်သွင်းသည့် လုပ်ငန်းစဉ်များကို အစိုးရကော်မတီတစ်ရပ်က ကြီးကြပ်မည်ဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအပေါ် အခြေခံ၍ ကုမ္ပဏီများသို့ တင်သွင်းခွင့်ခွဲတမ်းများ ချထားခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Morocco World News, 6 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

DOCA(Domestic)