စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းချဉ်သီးပင် များကို မိမိတို့နေအိမ်ခြံဝင်များအတွင်းနှင့် တောင်ယာများအတွင်းတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးရောင်းချလျက်ရှိကြပါသည်။
ခရမ်းချဉ်သီးပင်ကို စိုက်ပျိုးရာတွင် ခရမ်းချဉ်စေ့ ကိုပျိုးထောင်၍ ပျိုးပင်သက် တစ်လခွဲသားတွင် စတင်စိုက်ပျိုးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ပေ ၅၀ ပတ်လည်တွင် အပင်အရေ အတွက်(၅၀၀)ခန့် စိုက်ပျိုးထားပါကြောင်း၊ စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် အဖူးအပွင့်များ စတင်ပွင့်ဖူးပြီး (၂)လအကြာတွင် အသီးများ စတင်သီးပါသည်။
ခရမ်းချဉ်သီးပင် စိုက်ပျိုးသည့်ကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးရန် မြေပြုပြင်ခြင်း သွင်းအားစု ထည့်ခြင်း၊ ရေသွင်းခြင်း၊ တိုင်ထောင်ခြင်းနှင့် လုပ်အားခ စုစုပေါင်းကုန်ကျစရိတ်မှာ(၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး ထွက်ရှိမှုအနေဖြင့် ကနဦးအသီးများ စတင်ခူးဆွတ်ချိန်တွင် ၃ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး အသီးထွက်ရှိမှုမှာ (၁)ကြိမ်ခူးဆွတ်လျှင်(၁၀)ပိဿာခန့်ခူးဆွတ်နိုင်ပါကြောင်း၊ ခရမ်းချဉ်သီးဈေးနှုန်း အနေဖြင့် ဒီဇင်ဘာလတွင် ဈေးကောင်းရသည့်အတွက် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ အိမ်မှာလာရောက်ဝယ်ယူလျှင် တစ်ပိဿာ(၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခု ဇန်နဝါရီလတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါချိန်ဖြစ်သည့်အချိန်တွင် ဈေးနှုန်း ထက်ဝက် ကျဆင်း လာသည့်အတွက် ဖောက်သည်ဈေး တစ်ပိဿာ(၂၅၀၀)ကျပ် နှင့် လက်လီ ရောင်းချမှုဈေးနှုန်းမှာ တစ်ပိဿာ(၃၀၀၀)ကျပ်သာ ရောင်းချရခြင်းဖြစ်ပါသည်။
ခရမ်းချဉ်သီးပင်ကို ပေ ၅၀ ပတ်လည်စိုက်ပျိုးရာ တစ်ရာသီတွင် ခရမ်းချဉ်သီးပိဿာချိန် အနည်းဆုံး(၈၀၀/၁၀၀၀)ထွက်ရှိပြီး နေ့စဉ်ပုံမှန် ခူးဆွတ်ရသည့် သီးနှံပင်ဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရရှိနေပြီး တောင်သူများအနေဖြင့် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်လျှင် ယခုနှစ်တွင် အကျိုး အမြတ် ပိုမိုရရှိနိုင်ကြောင်း ခရမ်းချဉ်စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)