Main menu

ရေရှည်စီးပွားဖြစ်ဖို့ နှစ်ရှည်ပင် သရက်စိုက်ပျိုးစို့

Powered by Drupal

        မြန်မာနိုင်ငံတွင် နှစ်ရှည်သီးပင်စားပင်စိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သော သရက်ခြံ စိုက်ခင်းများကို ပဲခူးတိုင်းဒေသကြီး၌ စိုက်ဧကအများဆုံးစိုက်ပျိုး၍ ဒုတိယစိုက်ဧကအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအနေဖြင့် တတိယစိုက်ဧကအများဆုံး စိုက်ပျိုးသည့်နေရာဒေသအဖြစ် နှစ်စဉ်စိုက်ပျိုးလျှက်ရှိပါသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း နှစ်ရှည်ပင်သရက်ကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သရက်ခြံများအထိ စိုက်ပျိုးလာကြောင်း လေ့လာတွေ့ရှိရပါသည်။

           အပူပိုင်းဒေသ၏ သစ်သီးဝလံစိုက်ပျိုးပင်များတွင် ငှက်ပျောစိုက်ပျိုးခြင်းသည် ပထမအများဆုံးဖြစ်ပြီး သရက်ပင်သည် ဒုတိယအများဆုံး သစ်သီးဝလံစိုက်ပျိုးသီးနှံစာရင်းတွင် ပါဝင်သည်။ သရက်ပင်သည် အပူဒဏ်၊ ရေငတ်ဒဏ်ကိုခံနိုင်၍ မြန်မာနိုင်ငံ၏အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် ဖြစ်ထွန်းလွယ်ကြောင်း၊ တောင်ပေါ်၊ မြေပြန့် မည်သည့်နေရာဒေသတွင်မဆို စိုက်ပျိုးနိုင်ကြောင်းသိရသည်။ သရက်မျိုးစိတ်ပေါင်း(၂၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံ၌ လတ်တလောအချိန်တွင် ရင်ကွဲသရက်အမျိုးအစားကို အများဆုံးစိုက်ပျိုးကြသည်။ အခြားစိုက်ပျိုးသည့် မျိုးကွဲများမှာ စိမ်းစားသရက်၊ စိန်တစ်လုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ထောပတ်၊ သုံးလုံးတစ်တောင်၊ သံချိတ်သီးစသည်ဖြင့်အမျိုးမျိုးရှိရာ စိန်တလုံးသရက်ကို လူကြိုက်များလှသည်။

      သရက်စိုက်ပျိုးခြင်းကို ရှေးယခင်က မိမိတို့နေထိုင်ရာ အိမ်အဝန်းအဝိုင်းခြံစည်းရိုးများတွင် သမရိုးကျစိုက်ပျိုးကြသော်လည်း ယခုအခါ ခေတ်မှီထွန်ယက်စိုက်ပျိုးနည်းစနစ်များကိုအသုံးပြု၍ မြေဩဇာကျွေးခြင်း၊ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးများဖြန်းခြင်း၊အခြားသီးနှံများကဲ့သို့ ရေလောင်း ပေါင်းသင်ခြင်းများပြုလုပ်ကာ စီးပွားဖြစ်စိုက်ပျိုးလားကြောင်းသိရသည်။ နှစ်ရှည်ပင်အမျိုးအစားတွင် ပါဝင်သော သရက်ပင်သည် စိုက်ပျိုးရလွယ်ကူ၍ စိုက်ပျိုးစရိတ်သက်သာကာ ရေရှည်အကျိုး ဖြစ်ထွန်းသောအပင်မျိုးဖြစ်သည်။ သရက်ပျိူးပင်များကို မြေချစိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ တန်းခူးလမှ နယုန်လအတွင်းဖြစ်ပြီး ပျိုးပင်မြေချသည်ရက်မှ ၄ နှစ်မှ ၅ နှစ်အတွင်း အပွင့်အကင်းများ ဆင်၍ အသီးသီးသော နှစ်ရှည်သီးပင်စားပင်ဖြစ်သည်။ သရက်တစ်ပင်နှင့် တစ်ပင်အတွက် စိုက်ပျိုးရန် သင့်လျော်သော အကွာအဝေးမှာ ၁၂ပေခန့်ဖြစ်ကြောင်း၊ သို့မှသာ လေဝင်လေထွက်ကောင်းမွန်စေပြီး ရာသီဥတုနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ကာ အပင်မှအသီးတင်၍ အထွက်နှုန်းတိုးစေကြောင်း၊ တစ်ဧကလျှင် ပျိုးပင်ရေ ၉၀ မှ ၁၀၀ အထိ စိုက်ပျိုးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

          ဆောင်းအကုန် နွေအကူး တပေါင်း၊တန်ခူးရာသီတွင် သရက်ပင်မှ သရက်ပွင့်များ ဝတ်မှုန့်ကူး၍စတင်ပွင့်ဖူးကြသည်။ သရက်ပင်မှပွင့်ကင်းဆင်၍ သရက်သီးကင်းများတင်စေရန် ပိုးသတ်ဆေးများဖြန်းခြင်း ၊မိရိုးဖလာမီးကြက်ခိုးတိုက်ခြင်း၊ ပေါင်းပင်များရှင်းလင်းခြင်းနှင့် အာဟာရဓာတ် မြေဩဇာကျွေးခြင်းများ ပြုလုပ်ရသည်။ အသီးကင်းများဈေးကွက်ဝင်ရောင်းတန်းရစေရန်နှင့် ပျားပုတုန်း၊ ဝတ်ရည်စုပ်ပိုးများရန်မှကာကွယ်ရန် အိတ်စွပ်ခြင်း၊ သေးညှက်သောအလုံးငယ်များအား ခူးဆွတ်ခြင်းတို့ပြုလုပ်ပေးရသည်။ သရက်တစ်ပင်တွင် သရက်သီးအလုံးရေ (၁၅၀)မှ ၁၇၀ အထိသာ သီးခွင့်ပေးသင့်ကြောင်း၊ သို့မှသာ အပင်အာဟာရလုံလောက်ပြီး ရောဂါပိုးနှင့်ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရောင်းတန်းဝင်အသီးများရရှိခြင်းနှင့် နောက်နှစ်အတွက်အပင်အားအင်ကုန်ခန်းခြင်းမှ လျော့နည်းကာ အသီးများ ဆက်လက် သီးပွင့်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

          “ အသီးမှာသရက် အသားမှာဝက် ဆိုသည် မြန်မာစကားပုံအတိုင်းပြောရပါလျှင် မိမိတို့ လူမျိုးများသည် အနံ့၊အရသာနှင့်ပြည်စုံ၍အသားထူသောသရက်သီးကို နှစ်ခြိုက်စွာစားသုံးကြသောသူများဖြစ်သည်။ ထိုသို့လျှင် အသားထဲတွင် ဝက်သားကိုစားရခြင်းသည် ကောင်းမွန်သောအရသာ ရရှိခြင်းကို သရက်သီးစားရသော အရသာနှင့် ယှဉ်တွဲဖော်ပြထားသည်မှာ သရက်သီး၏အကျိုးကျေးဇူးဖြစ်သည်။ သရက်သီး၌ အကျိုးကျေးဇူးများစွာရှိသော်လည်း လွန်ကဲစွာစားသုံးမိလျှင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေကြောင်း ဘေးထွက်ဆိုးကျိုးအဖြစ် မှတ်သားသိရှိရပါသည်။

          “အရာတော်မြို့နယ် ရွှေဟင်္သာသရက်စိုက်တောင်သူ ကိုမောင်မောင်ထံ၏ပြောပြချက်အရ” ၎င်းခြံရှိ သရက်တစ်ပင်မှ တစ်နှစ်လျှင် ပျမ်းမျှငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်အထိရရှိနိုင်ပြီး သရက်စိုက်ပျိုးတစ်ဧကအနေဖြင့် (၅၀၀၀၀၀) ကျပ်မှ (၆၀၀၀၀၀) ကျပ်အထိ ရရှိနေကြောင်း၊ ယခုနှစ်တွင် သရက်သီးထွက်ရှိမှုလျော့နည်းသွားခြင်းမှာ သရက်စိုက်ဧကလျော့နည်းသွားခြင်း၊ သွင်းအားစုဓာတ်မြေဩဇာများဈေးနှုန်းများမြင့်တက်လာခြင်း၊ အလုပ်သမားရှားပါးလာခြင်း၊ မိမိတို့ လုံခြုံရေးအရ မုံရွာ၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ သွားရောက်ရောင်းချနိုင်မှုခက်ခဲခြင်း၊ မြို့ပေါ် အဝယ်ဒိုင်များမှ နယ်ဆင်းဝယ်မှုနည်းပါးခြင်းတို့ကြောင့် လတ်တလော သရက်ဈေးကွက်အဝယ် အေးနေသော်လည်း ရေရှည်စီးပွားဖြစ်ပြီး ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် နှစ်ရှည်ပင် သရက်ကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း၊ ထို့ကြောင့် နှစ်ရှည်ပင်လည်းဖြစ်၊ စိုက်ပျိုးစရိတ်သက်သာ၊ ပြည်တွင်းစားသုံးမှုနှင့် ဝယ်လိုအားရှိနေသောသရက်ကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သရက်ခြံ စိုက်ခင်းများဖြင့် တိုးချဲ့စိုက်ပျိူးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)