Main menu

ဈေးနှုန်းမြင့်တက်နေတဲ့ “ကွမ်းသီး” ဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သည် ကွမ်းသီးစိုက်ဧကနည်းပါး သော်လည်း ကွမ်းယာထဲတွင် ထည့်သွင်းအသုံးပြုသော ကွမ်းသီး(ကွမ်းယာ)စားသုံးသူမှာ များပြား လှပါသည်။ ဒေသတွင်းကွမ်းသီးအရောင်းဒိုင်သည် ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ် အတွင်း ရှိ ကုန်စုံဆိုင်များ၊ ကွမ်းယာဆိုင်များသို့ နေ့စဉ် ကွမ်းသီးပိဿာချိန် ၂၄၀၀ ခန့် လက်လီ၊ လက္ကား ရောင်းချမှုရှိပါသည်။ အခွံခွာပြီးသား ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ နှင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့များမှ အဓိကမှာယူပြီး၊ ရန်ကုန်မြို့မှလည်း မှာယူ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကွမ်းသီးအခြောက်လုံးတစ်ပိဿာ လျှင် ၁၂၀၀၀/-ကျပ်၊ ကွမ်းသီးအခြောက်ခြမ်း တစ်ပိဿာလျှင် ၁၅၀၀၀/-ကျပ်ဖြင့် ဟင်္သာတ အရောက် ဝယ်ယူရပါသည်။ ကွမ်းသီးအခြောက်ခြမ်းများကို ကွမ်းသီးစိတ်အဖြစ် ပြောင်းလဲကာ တစ်ပိဿာလျှင် ၁၅၇၀၀/- ကျပ်ဖြင့် လက္ကားရောင်းချလျက်ရှိပါသည်။

ကွမ်းသီးအစိတ် ပြုလုပ်ရာတွင် ကွမ်းသီးအခြောက်လုံး၊ အခြောက်ခြမ်းများကို ၂၄ နာရီကြာ ရေစိမ်ရပါသည်။ ရေစိမ်ပြီးသား ကွမ်းသီးများကို တစ်ရက်လျှင် ၅ နာရီကြာ  ၃ ရက် အပူပေး ရပါသည်။ အပူပေး၍ ထွက်ရှိလာသော ကွမ်းသီးများသည် ပွလာပြီး နောက်ဆုံး အစိတ်ကလေး များဖြစ်အောင် ညှပ်စက်ဖြင့် ညှပ်ချရပါသည်။ ကွမ်းသီးပင်ကို တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးပြီး  ၃ နှစ်အကြာတွင် အသီးစသီးကာ အပင်သက်တမ်း ၅ နှစ်အကြာတွင် အသီးလှိုင်လှိုင်သီးကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ကွမ်းသီးဈေးနှုန်း ကျဆင်းသော်လည်း ယခုနှစ်တွင် အနည်းငယ် မြင့်တက်လာကြောင်း၊ တစ်လလျှင် အကျိုးအမြတ်အနေဖြင့် ၅ သိန်းဝန်းကျင်ခန့်ရရှိပါသည်။ ယခုနှစ် ကွမ်းသီးဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပမှ ဝယ်လိုအား ကောင်းလာခြင်း၊ ဒေသတွင်း ကွမ်းစားသုံးမှု များလာခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာ တင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)