ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ပန်းဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် ဥယာဉ်ခြံ၊ မြေပြန့်လွင်ပြင်များတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ ပန်းဂေါ်ဖီထုပ်ကို ဆောင်းရာသီ၌သာ အများဆုံး စိုက်ပျိုးကြပြီး မြေပြန့်ဒေသတွင် အများဆုံး စိုက်ပျိုးသည့် ကျေးရွာ အုပ်စုများမှာ မိုင်းလပ်၊ မိုင်းဇင်း၊ ကတ်ထိုက်၊ လွယ်လုံ၊ ကတ်ဖ ကျေးရွာအုပ်စုတို့တွင် တစ်ပိုင်တစ်နိုင် စီပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကို သိရှိရပါသည်။
ပန်းဂေါ်ဖီထုပ် စတင်စိုက်ပျိုးသည့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် မြေကိုထွန်ယက်၍ ဘောင်စနစ်ဖြင့် စိုက်ပျိုးကာ ဇန်နဝါရီလတွင် ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးမှုအတွက် ပျိုးပင်၊ ထွန်ယက်ခ၊ မြေဆွေး၊ နွားချီး၊ ပိုးသတ်ဆေး၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် သွင်းအားစု စုစုပေါင်း (၁၂) သိန်းခန့်ကုန်ကျကြောင်း ပန်းဂေါ်ဖီထုပ်စိုက် တောင်သူကြီးများထံမှ သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိသော ပန်းဂေါ်ဖီထုပ်များသည် တစ်ဧကလျှင် အပွင့်ပေါင်း (၅၀၀၀-၆၀၀၀) ခန့် ထွက်ရှိကြောင်းသိရသည်။ ထွက်ရှိသောပန်းဂေါ်ဖီထုပ်ကို ကျိုင်းတုံမြို့မဈေး၊ ယန်းခန်းဈေး၊ နောင်ကွမ်ဈေးတို့၌ အရွယ်အစားပေါ်မူတည်၍ လက်ကားဈေးနှုန်း (၁၀၀၀-၁၅၀၀) ကျပ်ခန့်၊ လက်လီဈေးတစ်ပွင့်လျှင် (၂၀၀၀-၂၅၀၀) ကျပ်ခန့်ထိ ပေးဝယ်ရကြောင်းသိရပါသည်။ ပန်းဂေါ်ဖီထုပ် ရောင်းရငွေမှာ လက်ကားအနိမ့်ဆုံးဈေးဖြင့်တွက်လျှင် (၅၀) သိန်းခန့်ရရှိ၍ တစ်ဧက အကျိုးအမြတ်မှာ (၃၁) သိန်းခန့် ရရှိပါသည်။ တောင်သူကြီးများသည် ပန်းဂေါ်ဖီထုပ် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိနေကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)