![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19_28.jpg?itok=Li85IM-n)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာတွင် စီးပွားဖြစ် ဘူးသီးများ စိုက်ပျိုးကြရာ ဈေးကောင်းရသဖြင့် မိသားစုဝင်ငွေများရရှိကာ စီးပွားရေး အဆင်ပြေ လျှက်ရှိကြောင်းသိရသည်။ ကျိုက်မရောမြို့နယ်သည် ရာသီဥတုကောင်းမွန်ကာ မြေဩဇာ ကောင်းမွန်လှသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင်ကြရာ ဆောင်းရာသီ သီးနှံတစ်မျိုးဖြစ်သည့် ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးလာကြ သည်။
ဘူးသီးစိုက်ပျိုးရာတွင် ဘူးစေ့ကိုပျိုး၍ အညွှန့်ထွက်လာရင် စင်တင်ပေး၍ စနစ်တကျ စိုက်ပျိုးကြပြီး ဘူးသီးပင်သည် အအေးကြိုက်သဖြင့် တစ်ရက်ခြား ရေပေးရကြောင်း၊ အညွှန့်များလာသည့်အခါ အသီးမပါသည့် အညွှန့်များကိုဖြတ်ပြီး သီးသန့်ရောင်း၍ရကြောင်း၊ ဘူးညွှန့်မှာလည်း စားသုံးသူအကြိုက်ဖြစ်၍ ဈေးကောင်းရကြောင်း၊ အညွှန့်ကြီးတစ်ခုကို ၁ဝဝ ကျပ်ရရှိကြောင်း၊ အသီးရှိသည့်အညွှန့်ကို စင်ပေါ်တင်ပေးပြီး အသီးကြီးထွားစေရန် မြေဩဇာအဖြစ် နွားချေးများ ထည့်ပေးရပြီး ပိုးမွှားမကျစေရန် ပိုးသတ်ဆေး ရက်ခြားဖြန်းပေးရပါသည်။ အသီးကောင်းကောင်း သီးလာချိန်တွင် စင်ကောင်းကောင်း ထိုးပေးရကြောင်း၊ ဘူးသီးများကို နှစ်ရက်တစ်ခါခူး၍ တစ်ကြိမ်ခူးလျှင် အနည်းဆုံးအလုံး (၂၀) မှအလုံး (၃ဝ ) အထိရပြီး တစ်လုံးလျှင် တစ်ထောင်ကျပ် တိတိရရှိသဖြင့် မိသားစုဝင်ငွေ ကောင်းနေပါကြောင်း ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးသူ ဦးစည်သူအောင်ထံမှ သိရသည်။
DOCA(မွန်)