
မြူရွက်ဟာ ဆောင်းတွင်းကာလမှာ နှင်းရည်သောက်ပြီး ပေါက်ရောက်သော ရာသီစာအရွက် တစ်မျိုး ဖြစ်ပါသည်။ စိုထိုင်းဆရှိတဲ့ မြေနေရာတွေမှာ ပေါက်ရောက်ပြီး အပင်ပုမျိုးဖြစ်ကာ အရွက် ကခပ်ဖားဖားလေးတွေရှိကြောင်း ရိုးတံက အနည်းငယ်ပျော့ပြီး အရွက်ကနူးညံ့ကာ ဟင်းနုနယ်ရွက် နဲ့ဆင်တူပြီး တစ်ပင်လုံးကို စားလို့ရကြောင်း သိရသည်။
မြူရွက်လေးများကို ရေနွေးဖျောပြီး ရေစင်အောင်ညှစ်၊ သံပုရာရည်နိုင်နိုင်လေးနဲ့ ငရုတ်သီး စိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်းပြီး ဆီချက်(သို့) ဆီစိမ်းလေးနဲ့ သုပ်စားကာ ခံတွင်းမြိန်စေတဲ့ ဆေးဖက်ဝင် အရွက်သုပ်တစ်မျိုးဖြစ်ပါတယ်။ စားရတာ အရသာရှိတဲ့ မြူရွက်လေး မှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် င၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ပရိုတင်းတို့ ပါဝင်နေကြောင်း၊ မြူရွက်ဟာ ထိခိုက်ရှနာ သက်သာစေနိုင်ခြင်း၊ သွေးတိုး ရောဂါကို ကာကွယ်စေနိုင်ခြင်း၊ နှလုံး ကျန်းမာစေခြင်း၊ အဆစ်ရောင်နာ၊ သွေးအားနည်းခြင်း၊ အရေးပြားဓာတ်မတည့်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောဖြစ်တာတွေကို သက်သာစေနိုင်ခြင်း၊ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်စေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်း ရောင်းချနေသော မြူရွက်ဈေးနှုန်းမှာ မြူရွက်(၁)စည်းလျှင် (၂၀၀)ကျပ်၊ မြူရွက်(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
DOCA(စစ်ကိုင်း)