တောင်ငူမြို့ အနောက်ဖက် တောင်ခြေကျေးရွာများတွင် ရခိုင်ငှက်ပျောပင်များကို စိုက်ပျိုးကြရာ ထွက်ရှိသော ငှက်ပျောသီးများကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြပါသည်။ ရခိုင်ငှက်ပျောသီးသည် အလှူမင်္ဂလာပွဲ၊ ရိုးရာပွဲများတွင် ပွဲတင်ငှက်ပျောသီးအဖြစ် အသုံးပြုသကဲ့သို့ ငှက်ပျောသီး မုန့်ဖက်ထုပ်ပြုလုပ်၍လည်း အသုံးပြုသဖြင့် ဈေးကွက်ဝင်ပါသည်။
ရခိုင်ငှက်ပျောသည် စိုက်ပျိုးရလွယ်ကူပြီး အသီးသာမက အပင်သည်လည်း အသုံးဝင်ပါ သည်။ မြန်မာ့ရိုးရာမုန့်ဟင်ခါးချက်ရာတွင် ရခိုင်ငှက်ပျောအူသည် အကောင်းဆုံးဖြစ်ပါသည်။ ငှက်ပျောအူကို ဟင်းချက်စား၍ဖြစ်စေ၊ ချဉ်ဖတ်ပြုလုပ်၍ဖြစ်စေ စားသုံးကြပါသည်။ ငှက်ပျောရွက် ကို မုန့်ဖက်ထုပ်များ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်များတွင်လည်း အသုံးပြုသဖြင့် တစ်ပင် လုံး အသုံးဝင်ပါသည်။
အလှူမင်္ဂလာပွဲများနှင့် ရိုးရာပွဲများရှိသည့် မိုးတွင်းနှင့် ဝါကျွတ်ပြီးကာလက တစ်ဖီးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ယခုအခါတွင် တစ်ဖီးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိသာ ရောင်းချရကြောင်း ငှက်ပျောသီးဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)