Main menu

ပြည်ခရိုင်ရှိနွေစပါးဈေးနှုန်းဈေးကွက်

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ၊ ပြည်မြို့နယ်တွင် နွေစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင်နွေစပါးစိုက်ဧကပေါင်း ၆၁၂၂၂ ဧက စိုက်ပျိုးပြီး ဆည်ရေရရှိသောမြို့နယ်များမှသာ နွေစပါးကိုစိုက်ပျိုးနိုင်သော်လည်း ပြည်မြို့နယ်တွင် နွေစပါးကို(၁၅၄၅၄)    ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ပြည်ခရိုင် (၆)မြို့နယ်တွင် အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးစပါး၊ ရက်(၁၀၀)စပါး၊ ထိုင်းနှံကောက်စပါးမျိုးတို့ဖြစ်ပြီး  ပြည်မြို့နယ်အတွင်းရှိ ပေါင်းတလည်နှင့် ဝက်ထီးကန်မြို့များတွင် နွေစပါးများ မေလဒုတိယပတ်တွင် စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်နွေစပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း (၈၀)ခန့် ထွက်ရှိကြောင်း သိရပါသည်။

            ပြည်မြို့နယ်အတွင်းရှိ ထွက်ရှိလာသည့် နွေစပါးများကို ပေါက်ခေါင်းမြို့နယ်သို့ တစ်နေ့လျှင် အိတ် ၁၅၀၀ခန့် တင်ပို့ရောင်းချကြောင်းသိရပါသည်။ နွေစပါးမှာ ဆန်ကြိတ်ခွဲရာတွင် အကျိုးအကြေနည်းသည့်အတွက် ဝယ်လက်အကြိုက်တွေ့သဖြင့် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။  နွေစပါးဈေးနှုန်းများမှာ ပေါင်(၅၀)တင်း ၁၀၀လျှင် ၇၅၀၀၀၀-၈၀၀၀၀၀ ကျပ်ဈေးရှိပြီး နွေဆန်ဈေးမှာ (၂၄)ပြည် တစ်အိတ်လျှင် ၂၇၀၀၀-၂၈၀၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

  (DOCA)ပဲခူး