Main menu

ပခုက္ကူဈေးကွက်၌ (ကျွန်း)စားတော်ပဲသီးနှံ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခု၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)ထိ ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲသီးနှံ စိုက်ပျိုးရာသီချိန်ဖြစ်၍ သီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေး၍ ကျွန်းစားတော်ပဲ(အဟောင်း)များကိုသာ ပွဲရုံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ဆိပ်ဖြူ၊ ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက် ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် သီးနှံပေါ်စ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ်(၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ အောက်တိုဘာလ တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ နိုဝင်ဘာလတွင် စားတော်ပဲတစ်တင်းလျှင် ကျပ် (၁၄၆၀၀၀)၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ် (၁၇၅၅၀၀)ဖြင့် ဈေးနှုန်းတရိပ်ရိပ်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဇန်နဝါရီလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက်တွင် သီးနှံ(အသစ်) ဝင်ရောက်ခြင်း မရှိသေး၍ ယခုအချိန်တွင် စားတော်ပဲ သီးနှံ(အဟောင်း)များသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်တွင် တစ်ပတ်အတွင်း စားတော်ပဲ သီးနှံ ပိဿာ(၃၀)ဝင် အိတ်(၁၅) မှ (၂၀)ထိ ဝင်ရောက်အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုအနေဖြင့် စားတော်သီးနှံကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူး မတ်လဆန်းပိုင်းတွင် ကိုင်းကျွန်းမြေစိုက် စားတော်ပဲနှင့် ယောနယ်ဒေသထွက် စားတော်ပဲ (အသစ်)များ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)