![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_88.jpg?itok=UxEiUri1)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက် ခရမ်းချဉ်သီးများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်နေကြောင်း သိရသည်။ ဗမာခရမ်း ချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည် အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူ စားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။
ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၃၀၀-၁၂၀၀-၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်း ချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၄၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း၊ ယခုရာသီတွင် ဒေသတွင်း စိုက်ခင်းများမှ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါ သည်။
DOCA(မကွေး)