Main menu

“(ဆောင်း)ပဲကြီးအစိုများ စတင်ထွက်ပေါ်မှုနှင့်ဈေးနှုန်းအခြေအနေ”

Powered by Drupal

         ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံစိုက်  ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုး နှင့် မြောင်းဘောင်များတွင်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေနှင့်လယ်မြေများတွင် အများအပြား စိုက်ပျိုး လာကြကြောင်း၊ကျောက်ဆည်မြို့နယ်တွင် ပဲကြီးစိုက်ဧက(၁၂၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်းကို ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည် ။ ပဲကြီးသီးနှံကိုနှစ်စဉ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့်မတ်လတို့တွင် စတင်ရိတ်လျက်ရှိကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၆၀၀၀၀)ကျပ် ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လအတွင်းရှိပါ သည်။ စိုက်ပျိုးပြီး (၃)လအကြာတွင် အဖူးအပွင့်များ စတင်ဖူးပွင့်ပြီး ယခုအချိန်တွင်အစောစိုက် (ဆောင်း)ပဲကြီးအစိုများ စတင်ထွက်ပေါ်လျက်ရှိပြီး ပေါ်ဦးပေါ်စအချိန်တွင် ပဲကြီးအစိုဈေးနှုန်းမှာ လက်ကားဈေး(၁)ပြည်လျှင်(၈၀၀၀)ကျပ်၊ လက်လီဈေးတစ်ဘူးလျှင်(၁၃၀၀)ကျပ်ဈေးဖြင့် ရောင်းချ လျက်ရှိကြောင်း၊ တောင်သူအများစုမှာ ပဲကြီးအစိုများကိုသာ ခူးဆွတ်၍ ရောင်းချကြကြောင်း ၊ ပဲကြီးအခြောက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁)တင်းလျှင်(၁၁၀၀၀၀)ကျပ်ခန့်ရှိပြီး ယခုအချိန်တွင် ထွက်ပေါ်မှုမရှိသေးသော်လည်း ဈေးကွက်အတွင်း၌ လက်ရှိဈေးနှုန်းအနေဖြင့် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းကို နေလသုခပွဲရုံပိုင်ရှင်ထံမှ သိရှိရသည် ။ သီးနှံထွက်ပေါ် ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊နွားစာများ အတွက်လည်းဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်းကို ဖျောက်ဆိပ်ပင် ကျေးရွာမှ ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)