![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24_40.jpg?itok=tcwTuiYD)
မြန်မာနိုင်ငံ၏ အထက်အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် သည်အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ဆေးဖတ်ဝင်အပင် တစ်မျိုးဖြစ်သည့် သမားမုန်းသည့် ဆေးဘက်ဝင် သမုန်းပွင့်များဖူးပွင့်လျက်ရှိပါသည် ။ ဖူးပွင့်နေသော သမုန်းပွင့်လေးများအား သေချာစွာခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်လေး များကိုရေနွေးဖြင့်ဖျော၍ ရောင်းချကြပါသည်။ ယခု ဖေဖော်ဝါရီလ နှင့် မတ်လများတွင် ဖြိုင်ဖြိုင် ထွက်ပေါ်လေ့ရှိပါသည် ။ ရာသီပေါ်သမုန်းပွင့်များကို ဆေးဖက်ဝင်သောကြောင့် စားသုံးသူများ ကြိုက်နှစ်သက်ကြပါသည် ။ သမုန်းပွင့်ပြုတ်ပြီးသားများကို ဈေးထဲတွင် အနေတော်အပုံလေးများပုံ၍ တစ်ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ပိဿာဖြင့် ဝယ်ယူမည်ဆိုပါက သမုန်းပွင့် ပြုတ်ပြီးသား(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ ရောင်းချသူများမှာ နေ့စား အလုပ်သမားများမှ မိသားစုဝင်ငွေတိုးရန်အတွက် ခူးဆွတ်၍ရောင်းချခြင်းဖြစ်ပါသည်။ ပြုတ်ပြီးသော သမုန်းပွင့်အရွက်နုနုလေးများကို ကတ်ကြေးဖြင့် နုတ်နုတ်ညှပ်၍ မြေပဲဆံထောင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူများဖြင့် ဆီမွှေးသပ်ပြီး သုပ်၍စားကြသလို အတို့အနေဖြင့်လည်း စားသုံးကြပါသည်။ တစ်နှစ်မှတစ်ခါသာပေါ်သော သမုန်းပွင့်များမှာ ဆေးဖက်ဝင် အဟာရတန်ဖိုးလည်းမြင့်မားသည့် ခံတွင်းမြိန်စေသော သမုန်းပွင့်များကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)