![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18_48.jpg?itok=oi6B5RsB)
မြင်းခြံခရိုင် မြင်းခြံမြို့တွင် MSME လုပ်ငန်းများမှ တချို့ဖြစ်သော ပဲကြော်လုပ်ငန်း၊ မုန့်ကြွပ်ကြော်လုပ်ငန်းများ၊ အာလူးကြော်လုပ်ငန်းများသည် ဒေသခံများအတွက် အလုပ်အကိုင်များ ရရှိ၍ မိသားစုစားဝတ်နေရေးတဖက်တလမ်းမှ အထောက်အပံ့ရရှိလျက်ရှိပါသည်။ ပဲကြော်လုပ်ငန်း များ လုပ်ကိုင်ရာတွင် ပဲများကိုရေစိမ်ပြီး အခွံချွတ်ရသည့်အတွက် လုပ်သားအနည်းဆုံး(၁၀) ဦးမှ(၃၀)ဦး ခန့်ဖြင့် ပုံမှန်လုပ်ကိုင်နေရပြီး အော်ဒါအမှာများလျှင်ဖြစ်စေ၊ ဈေးကွက်ဝယ်လိုအား ကောင်းလျှင်ဖြစ်စေ လုပ်သားအင်အားများ ပိုမိုအသုံးပြုရကြောင်းနှင့်လုပ်ငန်းခွင်သုံးပဲများသည် ဒေသတွင်းစိုက်ပျိုးထွက်ရှိသော ပဲများကိုသာ အသုံးပြုမှုများကြောင်း သိရသည်။ အဆိုပါလုပ်ငန်း တွင် များသောအားဖြင့် အမျိုးသမီးအများစုနှင့် ကျောင်းပိတ်ရာသီတွင် ကလေးသူငယ်များလည်း မုန့်ဖိုးရရှိရန် မိသားစုဝင်များနှင့်အတူ ကူညီလုပ်ကိုင်ကြသည့်အတွက် နေ့တွက်ကိုက်၍ အလုပ် အကိုင် အဆင်ပြေကြောင်းသိရသည်။ လုပ်အားခများမှာ မိမိလုပ်ကိုင်နိုင်မှုအလိုက် ရရှိသော အရေ အတွက်ဖြင့် တန်ဖိုးသတ်မှတ်ပေးချေးကြရာ လုပ်ငန်းခွင်များကို ရာသီချိန်ခါအလိုက် နံနက် (၀၅:၀၀) နာရီ မှ (၀၆:၀၀)နာရီ ဝန်းကျင် အချိန်ခန့်မှစ၍ လုပ်ငန်းခွင်များဝင်ရောက်နိုင်ကြောင်း၊ ပဲအခွံချွတ်ခ နှုန်းထားများအနေဖြင့် ပဲတစ်ပြည်(ထောပတ်/ပဲနီ)အခွံနွှာခ (၄၀၀) ကျပ်၊ ပဲကြီးတစ်ပြည် ( ၅၀၀) ကျပ် ရရှိပြီး တစ်ရက်ကို လူတစ်ဦးလျှင် ကျွမ်းကျင်မှုနှင့် အခွံချွတ်ရလွယ်သည့် ပဲအမျိုးအစား အလိုက် (၁၂)ပြည် မှ (၁၅)ပြည် ထိ ရရှိနိုင်ကြောင်း ၊ အခွံချွတ်ရာတွင် ပဲကိုစကောထဲထည့်ပြီး ဘယ်တစ်ဖက် ညာတစ်ဖက်ညှစ်ချရကြောင်း၊ တစ်နေ့လျှင် (၆၀၀၀)ကျပ်မှ (၇၀၀၀) ကျပ်ဝန်းကျင် ထိရရှိပါကြောင်း၊ ကလေး/လူကြီး / လူလတ် အရွယ်မရွေး လုပ်ကိုင်လို့ရပါသောကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေပါကြောင်း ပဲကြော်လုပ်ငန်းခွင်ရှိ ပဲအခွံချွတ်သူများထံမှသိရသည်။
DOCA(မန္တလေး)