![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_99.jpg?itok=21cbrIgi)
ပိတ်စွယ်ကို အညာဒေသတွင် အများအပြားတွေ့ရှိရပြီး ဝက်လံပင်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ပိတ်စွယ်ပင်သည် ဆည်မြောင်းအင်းအိုင်အစပ်များ၊ ရေအိုင်အစပ်များ၊ ချောင်းစပ်များ၊ ရေမပြတ်သော ရွံ့နွံများထူထပ်သော နေရာများတွင် အများဆုံးပေါက်ရောက်လေ့ရှိသည်။ နေရာဒေသမရွေး ပေါက်တက်ပါသည်။ ပိတ်စွယ်ပင်သည် ရေပေါ်တွင် (၅)ပေလောက်အမြင့်ရှိပြီး အရွက်ပုံစံမှာ သေးရှည်ပါသည်။ အပင်၏ထိပ်မှ အပွင့်ပွင့်ပြီး အသီးတောင့်ဖြစ်လာကာ ရင့်မှည့်လာသောအသီးတောင့်ကို ခူးယူ၍ မှို့အဖြစ် အသုံးပြု၍ ခေါင်းအုံးသွတ်ရာတွင် အသုံးပြုကြသည်။ ပိတ်စွယ်ရွက်ကို သက်ကယ်ပျစ်၍ အိမ်၊ တဲများ အမိုးအကာပြု၍ သုံးနိုင်သည်။ ၎င်းပိတ်စွယ်ပင်စည် အနုပေါက်များကို ခူးယူ၍ ဈေးကွက်အတွင်း၌ ပိတ်စွယ်ဟင်းလျာအဖြစ် ရောင်းချလျှက်ရှိကြောင်း သိရသည်။ ပိတ်စွယ်ကို အစိမ်းတိုင်းသော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း ရောင်းချကြသည်။ ပိတ်စွယ်ဟင်းလျာကို စားသောက်ခြင်းဖြင့် ဆီးနဲခြင်း၊ ဆီးကျင်ခြင်းရောဂါကို သက်သာပျောက်ကင်းကြောင်း သိရှိရသည်။ နို့တိုက်မိခင်များ နို့ကြောင်းပိတ်ဆို့မှုဖြစ်လျှင် ၎င်းပိတ်စွယ်ဟင်းလျာစားသုံးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ပိတ်စွယ်ကို ဟင်းချိုချက်၍သော်လည်းကောင်း၊ အချဉ်ချက်၍သော်လည်းကောင်း၊ အသားနှင့်း ရောနှောချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်နိုင်ပါသည်။ ပိတ်စွယ်(၂၅)ကျပ်သား တစ်ပုံလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။
DOCA(မန္တလေး)