
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိသော မန်ကျည်းသီးမှည့်သစ်များ နေ့စဉ် ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် မန်ကျည်းသီးအစေ့ပါများဝင်ရောက်မှုနည်းပါးပြီး အစေ့လွတ်မန်ကျည်းသားများကို မြို့ပေါ်ရှိ လှောင်လက်ပွဲစားများမှ ဒေသတွင်း နေရာအနှံ့အပြားသို့ ရောင်းချလျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ(ပထမပတ်)တွင် မန်ကျည်းမှည့်အစေ့လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ လက်လီဈေး ကျပ်(၁၈၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)တွင် လက်ကားဈေးကျပ်(၁၀၀၀၀)၊ လက်လီဈေး ကျပ် (၁၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း မန်ကျည်းအစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရ ခြင်းမှာ ယခုအချိန်တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများသော်လည်း သယ်ယူစရိတ်မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။
မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ လှောင်လက်သမားများမှ ဝယ်ယူထားရှိပြီး ပြန်လည် ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီးအချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့်မန္တလေး မြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)