![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/161_11.jpg?itok=YUZiDH4X)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ ဒေသစီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး စပါး၊ မြေပဲ၊ နှမ်း၊ ပဲပုတ်စသည့်ဆီထွက်သီးနှံများအပြင် ကြက်သွန်ဖြူ၊ စားတော် ပဲသီးနှံများကို နှစ်စဉ်ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းဈေးကွက်ခိုင်မာမှုရရှိနေသည့်ပဲယင်းနီ၊ ပဲယင်းဝါသီးနှံများကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးကြကြောင်း သိရသည်။ ထီးလင်းမြို့နယ်အတွင်းရှိ ဝက်လက်၊ လုံးပေါင်၊ လက်ပံ၊ ဒေါသာ၊ သရပ်ခါ စသည့်ကျေးရွာများတွင် ပဲယင်းသီးနှံကို စိုက်ဧက (၅၀၀၀)ခန့် စိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင်စတင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြောင်း၊ မျိုးအနေဖြင့် ပဲယင်းဝါနှင့်ပဲယင်းနီနှစ်မျိုးစိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုးစေ့(၂)ပြည်ခန့် ကုန်ကျပြီး အထွက်တင်းအနေဖြင့် ပျမ်းမျှ(၁၅-၂၀)တင်းခန့် ထွက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် ပဲယင်းသီးနှံစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းမှုကုန်ကျစရိတ် နည်းခြင်း ကြောင့် ကျပ်(၂)သိန်းခန့် ကုန်ကျကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန် ဒေသတွင်း ဈေးကွက်တွင် ပဲယင်းဝါ(၁)တင်းလျှင် ကျပ် (၆၂၅၀၀ -၇၀၀၀၀)၊ ပဲယင်းနီ(၁)တင်းလျှင် ကျပ်(၇၄၀၀၀-၇၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထီးလင်းမြို့နယ်အတွင်း ထွက်ရှိသည့် ပဲယင်းသီးနှံများကို ပခုက္ကူပဲဈေးကွက်သို့တင်ပို့ရောင်းချကြောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ကြောင်း သိရသည်။
ပဲယင်းသီးနှံသည် ပရိုတင်းဓာတ်ပြည့်ဝစွာပါရှိခြင်းကြောင့် နှလုံးကျန်းမာရေးကို ကောင်မွန်စေပြီး အဟာရဓာတ်များစွာပါဝင်၍ ကျန်းမာရေးအထောက်အကူပြုသီးနှံတစ်မျိုးဖြစ်သည်။ အညာဒေသတွင် ပဲယင်းကိုပြုတ်၍ ထမင်းဆီဆမ်းဖြင့် စားသုံးကြခြင်းအပြင် မြန်မာမုန့်များတွင်လည်း ထည့်သွင်း၍ အသုံးပြုစားသုံးကြသည်။ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုစီးပွားဖြစ် ဝင်ငွေတိုးစေသောကြောင့် ပဲယင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)