
ထောပတ်ပဲ၏ မူရင်းဒေသသည် တောင်အမေရိက (ပီရူး)နိုင်ငံဖြစ်သည်။ ထောပတ်ပဲအား အချို့ဒေသများတွင် “ပဲလိပ်ပြာ” သို့မဟုတ် “ထောပတ်ပဲ” ဟုခေါ်ကြသည်။ ထောပတ်ပဲပင်သည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး အများအားဖြင့် တစ်ရာသီခံပင် အဖြစ်စိုက်ပျိုးကြသည်။ ထောပတ်ပဲ ပင်တွင် အပင်ပြန့်ပုံစံနှင့် တိုင်တွင်တွယ်တက်သည့် တိုင်ထောင်ပင်ဟူ၍ နှစ်မျိုးရှိပါသည်။ထောပတ်ပဲ ပင်၏ အရွက်နုများ၊ အသီးနုများကို ချက်ပြုတ်၍ စားသုံးနိုင်ပါသည်။
ယခုအချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ဈေးများတွင် ထောပတ်ပဲများ ကို လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ထောပတ်ပဲ၏ အရသာမှာ စိမ့်သောအရသာ ရှိသောကြောင့် လူကြိုက်များသော ပဲတစ်မျိုးဖြစ်ပါသည်။ ထောပတ်ပဲကို ပြုတ်၍သော်လည်းကောင်း၊ ပဲကြမ်းကြော် ပြုလုပ်၍သော်လည်းကောင်း၊ ပဲရေပွပြုလုပ်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ထို့အပြင် ထောပတ်ပဲကို ကြော်ခြင်း၊ နှပ်ခြင်း၊ ဟင်းရည်သောက် အဖြစ်ချက်စားခြင်း စသည်ဖြင့် အမျိုးမျိုး ပြုလုပ်၍ စားသုံးနိုင်ကြပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေးတွင် ရောင်းချလျက်ရှိသော ထောပတ်ပဲဈေးနှုန်းမှာ နို့ဆီဗူး တစ်ဗူးလျှင် (၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)