Main menu

ဝင်ငွေကောင်းတွက်ချေကိုက်သည့်ပြောင်းဖူးစိမ်း(ခ)သကြားပြောင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ မှော်ဇာရွာနှင့် အနီးတဝိုက်ရှိရွာများတွင် ဥယျာဉ်၊ ခြံမြေလုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသောကျေးရွာဖြစ်ကာ တောင်သူ အများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများအား စိုက်ပျိုးကြပါသည်။

           ပြောင်းဖူးသည် မိုးရာသီပြောင်းဖူးစိုက်လျှင် ရက်(၉၀)နှင့် နွေရာသီစိုက်ပျိုး လျှင်(၇၅) ရက် အတွင်း ပြောင်းဖူးပေါ်ကြောင်း သိရှိရပါသည်။ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်စိုက်ပျိုးပြီးနိုင်ပြီး ပြောင်ဖူးသည်တစ်နှစ်ပတ်လုံး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းပြီး စီးပွားရေးတွက်ခြေကိုက်ပါသည်။ စိုက်ပျိုးထားပြီးထွက်ရှိလာသော ပြောင်းဖူးများအား တောင်သူများမှ ကုန်စည်ဒိုင်များသို့ သွားရောက်ရောင်းချခြင်းဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည်ကားလမ်းဘေးများတွင် ပြောင်းဖူးများ အား ပုံ၍ရောင်းချခြင်း၊ (၅)ဖူးတွဲပါ အစည်းများစည်းပြီးရောင်းချခြင်းနှင့် ပြောင်းဖူး မီးဖုတ်ရောင်းချခြင်း၊ ပြောင်းဖူးပြုတ်သရေစာအဖြစ်ရောင်းချခြင်းများဖြင့် ရောင်းချကြပါသည်။

         အဝါရောင်သကြားပြောင်း၏ အရသာမှာချိုချိုလေးဖြစ်ပြီး ပြုတ်စားစား၊ ကြော်စားစား အရသာလွန်ကောင်းမွန်ပါသဖြင့် သကြားပြောင်းအားလူအများကြိုက်နှစ်သက်ပါသည်။ ဈေးကွက် အတွင်းရောင်းချနေသည့် သကြားပြောင်းဈေးနှုန်းမှာအစိမ်းတစ်ဖူးလျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း၊ ပြောင်းဖူးပြုတ်များအားရောင်းချရာတွင် တစ်ဖူးလျှင် ၁၀၀၀ကျပ်၊ ပြောင်းဖူး(အဖြူ) အစိမ်းတစ်ဖူး လျှင် ၅၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရပါသည်။ ပြောင်းဖူးအစိမ်းများအားခူးဆွတ်ပြီး ကျန်ရှိသောအပင်များကို နွားစာများအဖြစ် တစ်နိုင်တစ်ပိုင်နွားမွေးမြူသူများမှ ဝယ်ယူကြောင်း သိရှိရပါသည်။ ပြောင်းဖူးပင်သည် တစ်ပင်လုံးအသုံးဝင်သည့်အတွက် စိုက်ပျိုးရာတွင် တွက်ခြေကိုက်ပြီး ဝင်ငွေကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)