
မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံအပါအဝင် ပဲမျိုးစုံ အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ် ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ကုလားပဲကို ပုံစံအမျိုးမျိုးဖြင့် စားသုံးကြောင်း တွေ့ရှိရပြီး၊ ပဲလုံး၊ ပဲခွဲခြမ်း၊ပဲအစိမ်းမှုန့်၊အကြက်မှုန့်၊ပဲကြော်၊ ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ပဲပင်ပေါက်၊ ပဲဟင်းရည်၊အသားဖြင့်တွဲဖက်၍ ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာ ပါဝင်ပြီး၊အသားဓာတ်နှင့်ကစီဓာတ်တို့ ပါဝင်သည့်အတွက် သတ်သတ်လွတ်စားသုံးသူများမှ အသား အစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့်မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း တွင်၂၀၂၅ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက် စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၃၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၃၅၀၀၀ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၂၃၀၀၀၀ကျပ်၊ကုလားပဲ(929)၂၃၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးများမှာကုလားပဲ(V-2) ၄၀၁၇ကျပ်နှင့် (V-7)၄၁၀၅ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၀၁၇ကျပ်၊ ကုလားပဲ(929) ၄၀၁၇ ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။စျေးကွက်အတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်တွင် ကုလားပဲမှာ အရောင်း သွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်း ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။ ကုလားပဲသီးနှံ မှာ တစ်နှစ်ပတ်လုံး ပြည်တွင်းစျေးကွက်တွင် သုံးစွဲမှုများပြားပြီး၊ပြည်ပတင်ပို့သည့် စျေးကွက်ဝင် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)