
ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသစ်သီးအမျိုးအစားဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံများတွင် ငှက်ပျောမျိုးကွဲများစွာဖြင့် စိုက်ပျိုးထွက်ရှိမှုအများဆုံးသစ်သီးဖြစ် သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိသည့် သီးနှံဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်စီယမ်ဓါတ်၊ ဗီတာမင်(B6)၊ ဗီတာမင်(C)၊ မဂ္ဂနီဆီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်အနည်းငယ်တို့ပါဝင်ကြောင်း၊ငှက်ပျောသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်း(Antioxidants) များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု ကိုကာကွယ်ခြင်း၊ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊ အသားအရေနှင့်ကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းတို့ကို အထောက်အကူပြုကြောင်းသိရှိရသည်။ ထို့အပြင် ငှက်ပျောသီးသည် အရသာကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်၍ လူသားတို့အတွက် အာဟာရဓာတ်များစွာပါဝင်ခြင်း၊ ခွန်အားကိုဖြစ်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်းနှင့် ခန္ဓာ ကိုယ်အလေးချိန်လျော့ကျခြင်း၊ အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာချေဖျက်မှုစနစ် ကောင်းမွန်စေသဖြင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေး အတွက် များစွာအထောက်အကူပြုကြောင်း သိရှိရ သည်။
မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ငှက်ပျောသီးများ၏(၆၀%)ခန့်ကို ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်တို့မှ အဓိကဝင်ရောက် လျက်ရှိပြီး (၃၀%)ခန့်ကို တောင်ငူ၊ ပခုက္ကူ၊ ညောင်ဦး၊ ပုပ္ပါးဒေသတို့မှ အနည်းငယ်စီ ဝင်ရောက် လျက်ရှိကြောင်းသိရှိရသည်။ ငှက်ပျောသီးအစိမ်းများသည် တာရှည်ခံသဖြင့် သာသနာပွဲ၊ နတ်ပွဲ စသည့် ကန်တော့ပွဲများ တင်လှူပူဇော်ရန်အတွက် ဝယ်ယူအသုံးပြုကြပြီး ငှက်ပျောသီးအမှည့်များ သည် တာရှည်မခံသောကြောင့် မုန့်ပဲသရေစာများတွင်ထည့်သွင်းအသုံးပြုရန်နှင့် စားသုံးရန်အတွက် သာ ဝယ်ယူကြကြောင်း၊ ငှက်ပျောသီးအစိမ်းများသည် ငှက်ပျောသီးအမှည့်များထက် ဈေးနှုန်း မြင့်မားကြောင်း၊ နာမည်ကြီး/တန်ခိုးကြီးဘုရားများတွင် အဓိဌာန်ဖြင့်တင်လှူပူဇော်ပြီးနောက် ပြန်လည်စွန့်ထားသည့် ငှက်ပျောသီးများသည်လည်း ဘုရားပွဲကျငှက်ပျောသီးအနေဖြင့် ဈေးကွက် အတွင်း ဈေးနှုန်းချိုသာစွာဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် ဘုရားပွဲကျငှက်ပျောသီးများကိုသာ ဝယ်ယူ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
ဈေးနှုန်းများအနေဖြင့် ဖီးကြမ်းအစိမ်း(အကြီး)တစ်ဖီးလျှင် (၅၅၀၀)ကျပ်မှ(၆၀၀၀)ကျပ်၊ ဖီးကြမ်းအစိမ်း(အသေး)တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အကြီး)တစ်ဖီးလျှင် (၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အသေး)တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်၊ ရခိုင် အစိမ်း(အကြီး)တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်၊ ရခိုင်အစိမ်း(အသေး)တစ်ဖီးလျှင်(၁၅၀၀) ကျပ်မှ(၂၀၀၀)ကျပ်၊ ရခိုင်အမှည့်(အကြီး)တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ ရခိုင်အမှည့် (အသေး)တစ်ဖီးလျှင်(၁၀၀၀)ကျပ်မှ(၁၅၀၀)ကျပ်၊ ဘုရားပွဲကျငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀) ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်းနှင့် ငှက်ပျောဖီးတွင်ပါဝင်သည့် ငှက်ပျောသီးများ ၏ အရွယ်အစားအကြီး၊အသေး၊ အလုံးအရေအတွက်အပေါ်မူတည်၍ (၂၀၀)ကျပ်မှ (၅၀၀)ကျပ်အထိ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)