Main menu

အုန်းသီး၏ ကျန်းမာရေးအကျိုးပြုမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မကြာမီကာလတွင် ပူပြင်းသည့်နွေရာသီကို ရောက်ရှိတော့မည်ဖြစ်သဖြင့် နွေရာသီ၏ အပူဒဏ်ကို အံတုနိုင်ရန်အတွက် သဘာဝအနံ့အရသာနှင့်ပြည့်စုံသည့် အုန်းရည်သည် လူတိုင်း အတွက် ရွေးချယ်စရာ သဘာဝအချိုရည်တစ်မျိုးပင်ဖြစ်သည်။ အုန်းရည်တွင် ရေဓာတ်(၉၄%)နှင့် အဆီဓာတ် အနည်းငယ်သာပါဝင်သော်လည်း အုန်းနို့တွင် ရေဓာတ်(၅၀%)နှင့် အဆီဓာတ်အမြောက် အမြားပါဝင်နေသဖြင့် အုန်းရည်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း အုန်းနို့ကိုမူ သတိထားဆင်ခြင်စားသုံးသင့်ကြောင်း သိရှိရသည်။ အုန်းရည်တွင် အမိုင်နိုအက်ဆစ်၊ အင်ဇိုင်း၊ ဗီတာမင်(B)၊ ဗီတာမင်(C)၊ သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များ ပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးဖိအားကိုထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး ခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ဆံပင်ကိုအားဖြည့်ပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိ ကြောင်း သိရှိရသည်။ အုန်းသီးနုနု၏ အုန်းရည်သည် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဂလူးကို့စ်ဓာတ်များ ပြည့်ဝစွာပါဝင်သည့်အတွက် အားကစားသမားများနှင့်လေ့ကျင့်ခန်းပြုလုပ်ပြီးသူများ သောက်သုံးပါက ရေဓာတ်ကိုလျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သဖြင့် အားအင်ပြန်လည်ပြည့်ဖြိုးလန်းဆန်းစေကြောင်း သိရှိရသည်။ အုန်းဆီသည် အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ရုံသာမက ရောဂါပိုးမွှားများ ကိုလည်း သေစေနိုင်ပြီး ဆံပင်နှင့်ဦးရေပြားကို အားဖြည့်ပေးနိုင်ကြောင်း သိရှိရသည်။

မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသည့် အုန်းသီး များကို အုန်းသီးအညှာတံပါသည့် ဆွဲအုန်း(ခေါ်)အုန်းစို(ခေါ်)အုန်းစိမ်းနှင့် အခွံများခွာထားသည့် အုန်းပေါက်ဟူ၍ နှစ်မျိုးခွဲခြားရောင်းချရကြောင်း၊ အုန်းစိမ်းကို ဘုရားသာသနာပွဲများ၊ ရဟန်းသံဃာ ကန်တော့ပွဲများနှင့် သာရေး၊နာရေးကန်တော့ပွဲများတွင်လည်းကောင်း၊ မိရိုးဖလာအိမ်တွင်းနတ်စင် များတွင် နတ်အုန်းအဖြစ်လည်းကောင်း ဝယ်ယူသုံးစွဲကြပြီး အုန်းပေါက်ကိုမူ အုန်းသီးဆံခြစ်၍ မြန်မာ့ရိုးရာမုန့်များတွင် ထည့်သွင်းအသုံးပြုခြင်းများ၊ အုန်းနို့ထုတ်လုပ်ခြင်းများအတွက် ဝယ်ယူ လေ့ရှိကြောင်းသိရှိရသည်။ အုန်းသီးဈေးနှုန်းများအနေဖြင့် အုန်းစိမ်းတစ်လုံးလျှင် (၄၀၀၀)ကျပ်မှ (၅၅၀၀) ကျပ်အထိရှိပြီး အုန်းပေါက်တစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိ ရောင်းချလျက် ရှိကြောင်းနှင့် အုန်းသီးအရွယ်အစားအလိုက် (၅၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ဈေးနှုန်းကွာခြားမှု ရှိကြောင်း သိရှိရသည်။

မြင်းခြံမြို့တွင် ရောင်းဝယ်လျက်ရှိသည့် အုန်းသီးများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ဝင်ရောက်လျက်ရှိပြီး ယင်းအုန်းသီးများကို ရန်ကုန်အုန်းဟူ၍သာခေါ်ဝေါ်ကြောင်း၊ တောင်ငူမှ ဝင်ရောက်သည့် တောင်ငူအုန်းမှာ ယနေ့အချိန်တွင် ဝင်ရောက်မှုမရှိသလောက် နည်းပါးကြောင်းနှင့် ရန်ကုန်အုန်းတစ်မျိုးတည်းကိုသာ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)