
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာ တောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများအနက်တစ်ခုဖြစ်သည့် ပဲစဉ်းငုံသီးနှံကို နှစ်စဉ် မြေပဲ၊ နှမ်းသီးနှံတို့နှင့်ရော၍ သီးညှပ်စိုက်ပျိုးကြသလို ပဲစဉ်းငုံသီးသန့်လည်းစိုက်ပျိုးကြသည်။ အခြား သီးနှံများဖြစ်သည့် ပြောင်း၊ ပဲတီစိမ်းတို့ကိုလည်း သီးညှပ်အဖြစ်ထည့်သွင်းစိုက်ပျိုးကြ၍ ပြောင်းသီး နှံကို နွားစာအဖြစ်သာ စိုက်ပျိုးကြကြောင်းသိရသည်။ အဆိုပါစိုက်ပျိုးသည့်သီးနှံများကို မိုးလေ မှန်ကန်ပါက ဧပြီလလယ်ခန့်နှင့် မေလဆန်းပိုင်းတို့တွင် မြေပဲ၊ နှမ်းသီးနှံများဖြင့် တစ်ချိန်တည်း စိုက်ပျိုးလေ့ရှိကြောင်း၊ နှမ်းသီးနှံများ ရိတ်သိမ်းရောင်းချပြီးချိန်တွင် မြေပဲသီးနှံကို ဆွတ်ခြွေကြ ကြောင်း၊ မြေပဲသီးနှံနှင့်နှမ်းသီးနှံများ သိမ်းဆည်းပြီးချိန် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် တစ်နှစ်တာ အတွက် နောက်ဆုံးကျန်ရှိသည့် ပဲစဉ်းငုံသီးနှံကို စတင်ရိတ်သိမ်းလေ့ရှိကြကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစဉ်းငုံကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၇၅၄၂၇) ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ယခင်နှစ်ကဈေးကောင်းရရှိခဲ့မှုကြောင့်(၈၄၆၆၆)ဧက စိုက်ပျိုးမှုရှိခဲ့၍ လျာထားချက်ထက်(၉၂၃၉)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကျောက်ပန်းတောင်းမြို့ နယ်အတွင်းရှိ တောင်သူများသည် ကျေးရွာအတွင်းရှိ ပွဲရုံနှင့်မြို့ပေါ်ရှိပွဲရုံများသို့သာ လာရောက် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုရက်များတွင် လှိုင်လှိုင်အရောင်းအဝယ်ဖြစ်ကြပြီး ပဲစဉ်းငုံတစ်တင်း လျှင်(၉၀၅၀၀၊ ၉၁၀၀၀)ကျပ် ဝန်းကျင်နှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျောက်ပန်းတောင်းတစ်မြို့နယ်လုံးအနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်ထိ(၅၂၁၁၂)ဧက ရိတ်သိမ်း ပြီးဖြစ်၍ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၁.၆၇)တင်းနှုန်းဖြင့် အထက်တင်းစုစုပေါင်း(၆၀၈၁၄၇) တင်း ထွက်ရှိခဲ့ကြောင်း၊ ပဲစဉ်းငုံတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၅၈၇၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျသဖြင့် တစ်ဧကလျှင်တောင်သူအကျိုးအမြတ်အနေဖြင့် (၄၇၄၉၇၀)ကျပ်ခန့် ရရှိကြောင်း၊ ယခင် ၂၀၂၃ ခုနှစ်ထွက်ပဲစဉ်းငုံလက်ကျန်အနေဖြင့်(၂၀၀၀)ပိဿာခန့်သာ ကျန်ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ် အညာတောင်သူများသည် ပဲစဉ်းငုံကို ဒေသခေါ် ကိုင်းတစ်ရာမျိုးနှင့် မုံရွာရွှေဒင်္ဂါးမျိုးတို့ကို အဓိကစိုက်ပျိုးကြကြောင်း၊ ပဲစဉ်းငုံသီးနှံကို ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပဈေးကွက်တင်ပို့ရောင်းချနိုင်ရန်အတွက် အားထားစိုက်ပျိုးကြကြောင်း၊ ပဲစဉ်းငုံသီးနှံမှ ထွက်ရှိ လာသော အခွံအမှော်များကို တိရစ္ဆာန်အစာဖြင့် အသုံးပြုကြသလို ပဲစဉ်းငုံပင်အရိုးများကို ကျေးလက်ဒေသများတွင် နေအိမ်ခြံစည်းရိုးနှင့် သီးပင်စားပင်များစိုက်ပျိုးရာတွင် စည်းရိုးသဖွယ် ကာရံကြသလို ထမင်းဟင်းချက်ပြုတ်ရာတွင်လည်း ထင်းမီးအဖြစ်အသုံးပြုကြကြောင်း၊ ပဲစဉ်းငုံသီးနှံ စိုက်ပျိုးစရိတ်ကုန်ကျငွေမှာလည်း အခြားသီးနှံများထက် ကုန်ကျမှုအနည်းငယ်သက်သာသလို ပဲစဉ်းငုံ၏ ပဲဆံ၊ အခွံ၊ အမှော်၊ အရိုးများအားလုံး အသုံးပြုရခြင်းတို့ကြောင့် အညာတောင်သူများက ပဲစဉ်းငုံသီးနှံကို နှစ်စဉ်မပျက်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
DOCA(မန္တလေး)