
ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိလျှင် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့် အလျား(၉)ပေနှင့် အနံ(၃)ပေကို(၄၅၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၁၀-၁၅)ပိဿာ ထိခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၁၀၀၀)ကျပ် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့် လက်ကားဈေး(၁၀၀၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုး သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)