
မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး အပူပိုင်းဒေသဖြစ်သော ကြောင့် စတော်ဘယ်ရီသီးများ စိုက်ပျိုးဖြစ်ထွန်းနိုင်မှုမရှိသဖြင့် စတော်ဘယ်ရီသီးများ အများအပြား စိုက်ပျိုးဖြစ်ထွန်းရာ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ်၊ တောင်ကြီး မြို့နယ်တို့မှ စတော်ဘယ်ရီသီးများကို သယ်ယူရောင်းချရာတွင် တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ ရွှေညောင် မြို့များမှတဆင့် သယ်ယူ၍လည်းကောင်း၊ မန္တလေး၊ ပြင်ဦးလွင်မြို့နယ်မှ သယ်ယူ၍ လည်းကောင်း မှာယူရောင်းချရပါသည်။
မြင်းခြံမြို့ရှိ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသော စတော်ဘယ်ရီသီးများ၏ အရွယ်အစား၊ အသီးလှပသပ်ရပ်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ စတော်ဘယ်ရီ အလုံးကြီး တစ်ပိဿာလျှင်(၉၀၀၀/၁၀၀၀၀)ကျပ်၊ အလုံးအလတ်တစ်ပိဿာလျှင်(၇၅၀၀/ ၈၅၀၀) ကျပ်၊ အလုံးအသေးတစ်ပိဿာလျှင်(၆၀၀၀/၇၀၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိကြောင်း သိရှိရသည်။ စတော်ဘယ်ရီသီးများ စတင်ထွက်ပေါ်စအချိန်ဖြစ်ပြီး ဈေးကွက်အတွင်း သီးနှံပေါပေါများများ ဝင်ရောက်လာခြင်းမရှိသေးဘဲ ပေါ်ဦးပေါ်ဖျားဖြစ်နေသည့်အတွက် ဈေးကောင်းရနေကြောင်းနှင့် ရောင်းချရာတွင်လည်း ဝယ်ယူသူများပြားပြီး အရောင်းသွက်သဖြင့် အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း စတော်ဘယ်ရီရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)