
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မိုးကြက်သွန်နီ(အသစ်)များ ဈေးအနည်းငယ်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးကြက်သွန်နီ(ဥစိုက်)အပြင် ပင်စိုက်ကြက်သွန်နီများလည်း စတင်ဝင်ရောက်လာ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလာကြောင်း၊ စိုက်ပျိုးမှုများသော ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်အုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သော အလယ်စု၊ ကံတွင်းကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၄)သောင်းမှ (၅) သောင်းထိ ဝင်ရောက်ပြီး တစ်ပတ်အတွင်း ပိဿာချိန်(၃)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၀၀၀-၂၅၀၀-၂၇၅၀)ဈေးအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ယခင်(ပထမပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၂၂၀၀-၂၃၅၀) ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီတစ်ပိဿာ လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ် အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀-၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မိုးကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)