Main menu

ခရမ်းချဉ်သီးအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal

ခရမ်းချဉ်သီးဟုဆိုလိုက်သည်နှင့် ကျွန်ုပ်တို့နေ့စဉ် စားသုံးနေသော ဟင်းလျာများတွင် ပါဝင် လေ့ရှိသော နီရဲရဲအရောင်ကိုပိုင်ဆိုင်ထားသည့် အသီးကလေးများကို ပြေး၍ မြင်ယောင်မိကြမည်မှာ လူတိုင်းပင်ဖြစ်သည်။ မှန်ပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို အာဟာရဓာတ်ဖြည့်တင်းပေးနေသော အစားအစာများထဲတွင် ခရမ်းချဉ်သီးသည် ထိပ်ဆုံးမှ ပါဝင်နေပေသည်။ အသုတ်အမျိုးမျိုး၊ အသင့်စား အနှစ်ယိုစသည်တို့တွင် ခရမ်းချဉ်သီးသည် ပါဝင်နေပေသည်။ ဆောင်းတွင်း၏ ရာသီပေါ်အစားအစာ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးအကြောင်းကို လေ့လာထားရှိမိသလောက် ဆွေးနွေးတင်ပြလိုပါသည်။

          ခရမ်းချဉ်သီး၏ မူလပေါက်ရောက်ရာဒေသမှာ အမေရိကတိုက်ရှိ ပူပြင်းစိုစွတ်သောအပိုင်းဖြစ် ပေသည်။ ၁၆ ရာစုဆန်းစအချိန်တွင် ဥရောပတိုက်သို့ ခရမ်းချဉ်သီးပင် စတင်ရောက်ရှိလာပြီး ယခုအခါ၌ ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသများနှင့် သမပိုင်းဒေသများ၌ ခရမ်းချဉ်သီးပင်ကို ဟင်းသီးဟင်းရွက်ပင်အဖြစ် စိုက်ပျိုးလျက်ရှိကြပြီဖြစ်သည်။ အသီး၏အရွက်နှင့်ပုံဏ္ဍာန်အမျိုးမျိုးကိုလိုက်၍ ခရမ်းချဉ်ပင်မှာ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ ခရမ်းချဉ်ရွက်များတွင် အမွှေးအမျှင်ကလေးများရှိ၍ အနံ့ဆိုးရွားသည်။ အပွင့်မှာ ဝါသည်။ အသီး၏အတွင်းသားမှာ ပျော့အိပိဖြစ်လျက် အစေ့ဝါကလေးများဖြင့် ပြည့်နှစ်နေပြီး အရည်ရွှမ်းသော အသီးဖြစ်သည်။

          ခရမ်းချဉ်သီးပင်သည် အဆိပ်အတောက်ရှိသော အပင်မျိုးစုဝင်ထဲမှ ဖြစ်ခြင်းကြောင့် ၁၉ ရာစုမတိုင်မီက လူတို့သည် ခရမ်းချဉ်သီးကို မစားသုံးခဲ့ကြပေ။ သို့သော် ယခုအခါတွင်မူ ခရမ်းချဉ်သီးမှာ မီးဖိုချောင်၏မပါမဖြစ် အသီးအနှံအဖြစ် နေရာယူထားပြီဖြစ်သည်။ ခရမ်းချဉ်သီးအမှည့်များကို အစိမ်းလိုက်ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေစားသုံးကြသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခရမ်းချဉ်သီးကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိသည်။ ချဉ်ရည်အမျိုးမျိုးကိုလည်း ခရမ်းချဉ်သီး အမှည့်များမှပြုလုပ် ကြသည်။ အထူးသဖြင့် ဟင်းရွက်သုပ်များ၊ အသားသုပ်များ၊ လက်ဖက်သုပ်များတွင် အသုံးများကြသည်။

          မြန်မာနိုင်ငံတွင် ထိုင်ဝမ်ခရမ်းချဉ်သီး၊ ဗမာခရမ်းချဉ်သီး၊ ဆင်ခရမ်းချဉ်သီးစသည်ဖြင့် ခရမ်းချဉ်သီး မျိုးစိတ် အမျိုးမျိုးကို စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးတွင် ရေဓာတ် ၉၅ % ပါဝင်ပြီး ကာဗွန်ဟိုက်ဒရိတ် ၅ % ပါဝင်ပါသည်။ ဗီတာမင်နှင့် အခြားသတ္ထုဓာတ်များအနေဖြင့် Vitamin C, Potassium , Vitamin K စသည်တို့ပါဝင်သည်။ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အလှကုန်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် အရေပြားကိုကာကွယ်ပေးခြင်း၊ နေလောင်သက်သာစေခြင်း၊ အနာကျက်စေရာတွင်ကူညီခြင်း၊ အရေပြား ရောင်ရမ်းခြင်းမှ သက်သာစေခြင်း၊ ကော်လာဂျင် ထွက်ရှိမှုကို မြှင့်တင်ပေးခြင်း၊ ဆဲလ်သေများကို ဖယ်ရှားပေးခြင်း၊ အကြောပြတ်ရာများကိုသက်သာစေခြင်း၊ အစိုဓာတ်ဖြည့်တင်းပေးခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။

          ခရမ်းချဉ်သီးနှင့် ပြုလုပ်ထားသည့် “ပန်ထွေဖျော်”ကို  ဆောင်းရာသီနံနက်ခင်းများတွင် နံနက်စာ အဖြစ် ထမင်းကြမ်းစားလေ့ရှိသော မြန်မာလူမျိုးများအတွက် အဓိကဟင်းလျာ ဖြစ်ပေသည်။ စိုက်ပျိုးရာတွင်လည်း ဧရာဝတီမြစ်တစ်လျှောက် စိုက်ပျိုးနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ နုန်းတင် မြေနုများတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ပေသည်။

          အချုပ်အားဖြင့်ဆိုရသော် နေ့စဉ်ချက်ပြုတ်စားသောက်နေသော ဟင်းလျာများတွင် မရှိမဖြစ် ပါဝင်နေသော ခရမ်းချဉ်သီးသည် လူသားတို့အတွက် ကျန်းမာရေးရှုထောင့်မှ အထောက်အကူပေးလျက် ရှိသော အသီးအနှံတစ်မျိုးဖြစ်ပြီး ဈေးကွက်အတွင်းတွင် ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် လက်လီ ဈေးနှုန်း ၁၀၀ဝိ/-၊ လက်ကားဈေးနှုန်း ၈၀ဝိ/-၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် လက်လီဈေးနှုန်း ၁၅၀ဝိ/-၊ လက်ကားဈေးနှုန်း ၁၃၀ဝိ/- ရှိပြီး ခရမ်းချဉ်သီးအမျိုးအစားနှင့် အလုံးအရွယ်အစား အကြီး အသေးအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)