
ကန်စွန်းဥလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းလိုလို သိကြပြီး ကန်စွန်းကြီးပင်ရဲ့ အမြစ်ဥတွေဖြစ်ပါသည်။ အပြင်ခွံက ပန်းရောင်ရင့်ရင့်လေးရှိပြီး အတွင်းသားက လိမ္မော်ရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြသည်။ အရသာက ချိုပြီး အသားက ခပ်မွမွလေးပါ။ အရွယ်အစားကတော့ သေးသေးလေးကနေ အကြီးကြီးအထိ အမျိုးမျိုး ရှိနိုင်ပါသည်။ ကန်စွန်းဥ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင် ခြင်း၊ ဆီးချိုနဲ့နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန် ကျစေနိုင်ခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာရရှိနိုင်သည်ဟု လေ့လာသိရှိရပါသည်။ ကန်စွန်းဥကို ကလေး၊ လူကြီးမရွေး သရေစာအဖြစ်စားသုံးကြသလို အဝလွန် နေသူများအတွက် ဝိတ်ချရာတွင် အစားထိုးစားစရာ အဖြစ်လည်း စားသုံးကြပါသည်။
ကန်စွန်းဥကို မြန်မာပြည်၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုး အစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း သဲနှုန်းမြေများတွင် စိုက်ပျိုးရာ၌ အကောင်းဆုံးဖြစ်သည်။ ကန်စွန်းဥကိုစိုက်ပျိုးရာတွင် အညွန့်ကိုယူ၍ စိုက်ရသည်။ ကန်စွန်းဥသည် မိုးရာသီတွင် ရေသွင်းရန် မလိုအပ်ဘဲ ဆောင်းရာသီတွင် ရေသွင်း၍ စိုက်ပျိုးရပါသည်။ ရေသွင်းစိုက်ပျိုးလျှင် ကန်စွန်းဥ အထွက်နှုန်းပိုမိုများပြားကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ကန်စွန်းဥများကို ဈေးများတွင် အလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ဈေးနှုန်းအနေဖြင့် အရွယ်အမျိုးအစားအလိုက် (၁)ပိဿာလျှင် ၂၀၀၀ ကျပ်ခန့် မှ ၃၀၀၀ ကျပ် ခန့်ထိရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)