
ပန်းနှမ်းကို ရှမ်းပြည်နယ်ကဲ့သို့ တောင်ပေါ်ဒေသများတွင် ဆီကြိတ်ပြီး မုန့်လုပ်ငန်းများ တွင် အကြော်ဆီအဖြစ် အသုံးပြုလျက်ရှိပါသည်။ ပြည်ပနိုင်ငံများတွင် ပန်းနှမ်းကို စားသုံးဆီ အဖြစ် အသုံးပြုခြင်းထက် အလှကုန်ပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်းသိရှိရသည်။ပန်းနှမ်းကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကအဓိက ဝယ်ယူမှု ရှိပြီးစျေးကောင်းရရှိနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံရှိဆီထွက်သီးနှံများထဲတွင် ပန်းနှမ်း လည်းပါဝင်ပြီး ပြည်ပဝင်ငွေရှာဖွေပေးသော သီးနှံအမျိုးအစား တစ်မျိုးလည်းဖြစ်ပါသည်။ ပန်းနှမ်းသည် သမပိုင်းဒေသစိုက်ပျိုးသီးနှံအမျိုးအစားဖြစ်သော်လည်း အပူပိုင်းဒေသ၌လည်း စိုက်ပျိုးဖြစ်ထွန်းသည့် အပင်မျိုးဖြစ်ကြောင်းသိရသည်။ ပန်းနှမ်းပင်၏အရွက်များမှာဝါ၍ ခြောက်သွေ့ပြီး အစေ့များရင့်မှည့် လာချိန်တွင် ရိတ်သိမ်းပြီး စိုက်ခင်းထဲတွင် နှစ်ရက်၊ သုံးရက်ကြာ နေလှန်းပြီး တလင်းသို့သယ်ယူနင်းနယ် ခြွေလှေ့ကာ ပန်းနှမ်းစေ့များကို ခြောက်သွေ့အောင် နေလှန်း၍အိတ်ဖြင့်စနစ်တကျသိုလှောင်ရပါသည်။ပန်းနှမ်းတစ်ဧကစိုက်ပျိုးလျှင် ဆီ ၄၂ ပိဿာ ကျော်ခန့်ထိထွက်ရှိကြောင်းသိရပါသည်။ပန်းနှမ်း တစ်ဧကလျှင် ၇ တင်းမှ ၁၂တင်းခန့်အထိ ထွက်ရှိပြီး ပန်းနှမ်း ၁ တင်းလျှင် ဆီ ၆ ပိဿာခန့်ရရှိနိုင်သဖြင့် တစ်ဧကစိုက်ပျိုးလျှင် ဆီ၄၂ ပိဿာကျော်ခန့်ရရှိနိုင်ပါသည်။ထို့အပြင် ပန်းနှမ်းဆီကြိတ်ဖတ် များကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်းသိရသည်။ ပန်းနှမ်း(၃)တင်းဝင်အိတ်တစ်အိတ်လျှင် (၂၂၅၀၀၀)၊ ပန်းနှမ်းဆီ တစ်ပိဿာလျှင်(၁၈၀၀၀-၂၀၀၀၀)ကျပ်၊ပန်းနှမ်းဆီကြိတ်ဖတ်(၁)ပိဿာလျှင် (၃၅၀၀) ကျပ်ရှိ ကြောင်းသိရှိရပါသည်။ပန်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါ ရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လများတွင် ထွက်ရှိကြောင်း လေ့လာသိရှိ ရပါသည်။ ပန်းနှမ်း ဆီသည်ကျန်းမာရေးအတွက် သင့်လျော်သည့်အတွက် ဆီထွက်သီးနှံ အဖြစ် တိုးချဲ့ စိုက်ပျိုး သင့် သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
DOCA(မန္တလေး)