Main menu

ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥစိုက်)ကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်အထိစိုက်ပျိုးပြီး ဒီဇင်ဘာလလယ်ခန့်တွင် တူးဖော်ကြောင်း၊ နှစ်စဉ်စိုက်ဧက(၇၀၀ မှ ၁၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် စိုက်ဧက(၉၀၀)ခန့် စိုက်ပျိုးထား ကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှပိဿာချိန်(၃၀၀၀ မှ ၄၅၀၀ထိ)ထွက်ရှိကြောင်း၊ သီးနှံပေါ်စတွင် ဒေသတွင်းဈေးကွက်၌ ဒီဇင်ဘာလအတွင်း အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၂၀၀)ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ကျပ်(၂၉၀၀ မှ ၂၀၀၀)ပေါက်ဈေးရှိကြောင်း သိရသည်။

          ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် အဓိကစိုက်ပျိုးသော ဆိပ်ဖြူမြို့ ရွာသစ်ကျေးရွာ၌ ကြက်သွန်နီစိုက်တောင်သူများသည် ကြက်သွန်နီစိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ တစ်ဧက လျှင် ပျမ်းမျှအထွက်ပိဿာချိန်(၃၅၀၀ မှ ၅၀၀၀ ထိ)ထွက်ရှိကြောင်း၊ ရွာသစ်ကျေးရွာရှိ စိုက်တောင်သူ ဦးအောင်ပြည့်သည် မိုးကြက်သွန်နီစိုက်ဧက(၁)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတု အနေအထားကြောင့် စိုက်ပျိုးချိန်နောက်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပိဿာ(၄၅၀၀)ခန့် ထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ် သိန်း(၄၅)ခန့် ကုန်ကျကြောင်း၊ ဒေသပေါက်ဈေး တစ်ပိဿာလျှင် ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ ကျပ်သိန်း(၁၂၀)ဝင်ငွေရရှိပြီး ကျပ်(၇၅)သိန်းခန့် အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ တောင်သူတစ်ဦးချင်း အနေဖြင့် သီးနှံအထွက်နှုန်းနှင့် ရောင်းချချိန်တွင် ဈေးနှုန်း ဈေးကွက်မတူညီ၍ အကျိုးအမြတ်ရရှိပုံ မတူညီကြောင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ စိုက်တောင်သူများသည် ကြက်သွန်နီသီးနှံ သည် သီးနှံမျိုးစုံထဲမှ စိုက်ပျိုးရာတွင် တွက်ချေအကိုက်ဆုံး သီးနှံတစ်မျိုးဖြစ်၍ ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးကြောင်း ကြက်သွန်နီစိုက်တောင်သူထံမှ သိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားရှိသော ကြက်သွန်နီ စိုက်ခင်းများ ဖေဖော်ဝါရီလကုန်တွင် ရိတ်သိမ်းပြီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်သီးနှံအဖြစ် နှမ်း၊ ကုလားပဲနှင့် နွေခရမ်းချဉ်(ပင်ထောင်)ကို စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(မကွေး)