
ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် အချို့ရွာသား များသည် မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံများ၏ဘေးပတ်လည်၊ နောက်ဖေးဘက်စသည်များတွင် အပင် ၂၀မှ ၅၀အထိစိုက်ပျိုးထားကြောင်းသိရပါသည်။ စီးပွားဖြစ်စိုက်ပျိုးသော ဥယျာဉ်ခြံများတွင် တစ်ဧကလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျော၊ ဖီးကြမ်း ငှက်ပျောသီးများ ဖြစ်ကြပါသည်။ ငှက်ပျောပင်တစ်ပင် စတင်စိုက်ပျိုးပြီး(၆)လအကြာတွင် အသီးများ ရင့်မှည့်လာပြီး ခုတ်ယူရောင်းချ၍ရပါသည်။ ပြည်မြို့အနီးရှိ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှထွက်ရှိသော ငှက်ပျော များကို ပြည်မြို့နယ်အတွင်းရှိ မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင် ရောင်းချကာ ပြည်မြို့မှ ရန်ကုန်၊ နေပြည်တော်စသည့်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိပါသည်။
ရခိုင်ငှက်ပျောသီးမှာ အသီးအမှည့်ကိုစားသုံးရုံသာမက မုန့်ဟင်းခါးချက်ပြုတ်ရာတွင် ငှက်ပျောအူအဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ရခိုင်ငှက်ပျောဖူးကို ကောက်ညှင်းဆန်မှုန့်ဖြင့် ရောနှောအရသာထည့်သွင်းကာ ရှမ်းဟင်းထုတ်အမည်ဖြင့် အဆာပြေသရေစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)