
အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်း ကြိုက်နှစ်သက်ကြပါသည်။ ဂန္ဓမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သော ပန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူမင်္ဂလာဆောင် အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြသောပန်းဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းကိုစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား ပန်းပွင့်၏ပုံစံ၊ ပန်းပွင့်၏အရောင်၊ အပင်အရွယ်အစားပေါ်မူတည်၍အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းကို ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့အနီးရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓမာပန်းများကို ဈေးကွက်အတွင်းရောင်းချလျက်ရှိရာ ဂန္ဓမာပန်း(၅)ပွင့် တစ်စည်းလျှင် ၂၅၀၀-၃၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်းနှင့် အနီးအနားရှိ ရွှေတောင်မြို့နှင့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)