Main menu

ရာသီပေါ် မန်ကျည်းဈေးကွက်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal

          မြင်းခြံမြို့နယ်အတွင်း စံပြဈေးနှင့်အေးမြသီတာဈေးပွဲရုံများတွင် ယခုဆောင်းနှောင်းပိုင်း ကာလ၌ မန်ကျည်းသီးအမှည့်အသစ်များ စတင်ထွက်ပေါ်၍ ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီးမှည့်များသည် ဆောင်းနှောင်းပိုင်းကာလနှင့် နွေအကူးကာလများဖြစ်သော ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ထွက်ပေါ်လေ့ရှိကြောင်းနှင့် မန်ကျည်းပင် (၅)ပင်ရှိသော ခြံတစ်ခြံ တွင် တစ်နှစ်လျှင် မန်ကျည်းသီးမှည့်(အတောင့်) တင်း(၅၀)ခန့် ထွက်ရှိကြောင်းသိရှိရသည်။

ယခုဖေဖော်ဝါရီလတွင် အစေ့ထုတ်ပြီးမန်ကျည်းမှည့်တစ်ပိဿာလျှင် လက်ကားဈေး (၁၀၀၀၀) ကျပ်၊ လက်လီဈေး (၁၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး  ယခင်လနှင့်နှိုင်းယှဉ်ပါက ဇန်နဝါရီလအတွင်း အစေ့မဲ့မန်ကျည်းမှည့် လက်လီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်များ ဖြစ်ခဲ့ကြောင်းနှင့် ယခုလတွင် မန်ကျည်း အသားတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းလျော့နည်းခဲ့ကြောင်း သိရှိရသည်။ ဈေးကွက် ဝင်ရောက်မှုအနေဖြင့် မြင်းခြံမြို့နယ်အတွင်းကျေးရွာများမှ အနည်းငယ်သာထွက်ရှိပြီး အဓိက ဝင်ရောက်မှုမှာ ကျောက်ပန်းတောင်း၊ ပခုက္ကူမြို့တို့မှ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ မန်ကျည်းသားအထူအပါး၊ အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း မန်ကျည်း ကုန်သည်တစ်ဦးထံမှသိရှိရသည်။

ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် မန်ကျည်းသီးမှည့်သည် အမျှင်ဓာတ်ကြွယ်ဝ၍ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သံဓာတ်ဖြည့်တင်းပေးခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆီးချိုရောဂါသည်များအတွက် သင့်တော်ပြီး အာရုံကြောစနစ်ကို ထောက်ပံ့ပေးကြောင်း သိရှိရပြီး ကျန်းမာရေးနှင့် ဟင်းလျာပြုလုပ်ရာတွင် အသုံးဝင်သည့် မန်ကျည်းသီးမှည့်ကို ရာသီကာလအတွင်း စနစ်တကျစားသုံးသင့်ပါသည်။

DOCA(မန္တလေး)