ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှ ထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဒေသထွက် အိမ်ပြန်လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြေးဖြေးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ကပ်လျက်မြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်ရင် လိုအပ်သလောက် ဝယ်ယူရပြီး ရှောက်သီး တစ်လုံးလျှင် (၇၀) ကျပ်မှ (၁၀၀) ကျပ်ထိ ဝယ်ယူရကြောင်း သိရှိရပါသည်။
ရှောက်ပျားရည် ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့်ရှောက်ရည်ကို ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချည်ရည်တို့ဖြင့် အချိုးအစားညီမျှစွာ ရောစပ်ပြီး အပူချိန် ( 90°C ) အတွင်း ကျိုချက်၍ ထုတ်လုပ်ရကြောင်း သိရှိရသည်။ ရှောက်ပျားရည် တစ်ပုလင်းအတွက် ရှောက်သီး ( အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ်မူတည်၍ ရှောက်သီး (၇ လုံးမှ ၁၀ လုံး) ခန့်အသုံးပြုရကြောင်း သိရှိရသည်။ ရှောက်ရည်ညစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသော ရှောက်သီးဖက်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး ပုံသဏ္ဍာန်အမျိုးမျိုးအနေဖြင့် ပျားရည်ဖြင့် နှပ်ထားသော (ရှောက်သီးဆေးပြားဗူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များကြောင်းလည်း သိရှိရသည်။
ထိုကဲ့သို ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင် ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့် အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့် ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)