Main menu

ကျေးလက်မြို့ရွာ စီးပွားဖြာ သင်ဖြူးဖျာအကြောင်း တစေ့တစောင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိသားစုနေ့စဉ်ဝင်ငွေအတွက် သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်သူ အများအပြား ရှိကြပါသည်။ သင်ဖြူးဖျာမြုလုပ်သည့် သင်မများကို တိုင်းဒေသကြီးအတွင်း သင်မ အများဆုံးစိုက်ပျိုးသော ပန်းတနော်ဒေသမှ ဝယ်ယူပြီး ဖျာလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ သင်တစ်မ (၅ တောင်အရှည်) တစ်စီးလျှင် အချောင်းရည် ၁၀၀ မှ ၁၅၀ အတွင်း ပါဝင်ပြီး တစ်စီးလျှင် အိမ်အရောက် ၃၀၀၀၀/- ကျပ်ဖြင့် ဝယ်ယူရပါသည်။ သင်မများကို ဦးစွာ (၃)ရက်ခန့်ရေစိမ်ပြီး သင်ထိုး၊ သင်စိတ်၊ သင်နှင်ခြင်း လုပ်ငန်းများ လုပ်ရပါသည်။ ထိုသို့ ပြုလုပ်ရာတွင် သင်တူး၊ သင်ချော၊ သင်ပိန်းများ ထွက်ရှိလာပါသည်။ သင်တူကို ကြိုးအဖြစ် ပြန်အသုံးပြုပြီး သင်ချောကို ဖျာလုပ်ငန်းတွင် အသုံးပြုပါသည်။ သင်တစ်မလျှင် ဖျာချော(၂)ချပ် (၅ တောင်ဖျာ) ထွက်ရှိပါသည်။ ၅ တောင်ဖျာ တစ်ချပ်ရရှိရေးအတွက် ကုန်ကြမ်း၊ ဖျာယက်ခ၊ အနားကွပ်ခ အပါအဝင် ၄၅၀၀၀ ကျပ်ကုန်ကျပြီး  ၆၀၀၀၀/- ကျပ်ဖြင့် ရောင်းချရပါသည်။ ဖျာတစ်ချပ်လျှင် ၁၅၀၀၀ ကျပ် အကျိုးအမြတ်ရရှိပြီး တစ်နေ့လျှင် လူတစ်ဦး ဖျာ ၂ ချပ် ယက်လုပ်နိုင် ပါသည်။ ဖျာအချပ်ရေ များများ ထွက်ရှိ‌ရေးအတွက် လုပ်သားဦးရေကို အများအပြားအသုံးပြုရပါသည်။ ထွက်ရှိလာသော ဖျာ များကို ဒေသတွင်းရှိ အသုံးပြုသူများအားရောင်းချခြင်း၊ အရောင်းဆိုင်များသို့ ဖောက်သည်ပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသို့လည်း တင်ပို့ရောင်းချကြပါသည်။ သို့ဖြစ်ပါ၍ သင်ဖြူးဖျာလုပ်ငန်းသည် စီးပွားရေးတွက်ချေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)