ဒူးရင်းသီးများလှိုင်လှိုင်ပေါ်သည့် ယခုကာလ ဒူးရင်းသီးပေါသည့် မိမိတို့ဒေသမှထွက်သော ကားတိုင်းလိုလိုတွင် ဒူးရင်းသီးအနံ့က မွှေးနေသည်။ မိမိတို့မြို့မှ လာရောက်သည့်ဧည့်သည်များ ဝယ်သွားသည်များရှိသလို ရပ်ဝေးဒေသမှ မိမိတို့ ဆွေမျိုးမိတ်ဆွေများအား လက်ဆောင်ပေးပို့ကြ သည်များလည်း ရှိပါသည်။ ဒူးရင်းသီးကြိုက်သူအဖို့ ဒူးရင်းသီးအနံ့သည် အီဆိမ့်ပြီး စားလိုက်လျှင် အရသာ လေးလေးပင်ပင်နှင့် မဝနိုင်အောင် ရှိပါသည်။ ဒူးရင်းသီးဟု ဆိုလိုက်သည်နှင့် စားချင်သူတွေ ရှိသလို ဒူးရင်းသီးကို အနံ့တောင် မခံနိုင်သူများလည်း ရှိပါသည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုး မဟုတ် ပါလား။
ဒူးရင်းသီး၏ မူရင်းဒေသသည် အရှေ့တောင်အာရှ အီကွေတာမိုးသစ်တော ဖြစ်ပါသည်။ အင်္ဂလိပ်အမည်မှာ Durain, ရုက္ခဗေဒအမည်မှာ Durio zibethenus, မျိုးရင်းအမည်မှာ Bombaceae ဖြစ်ပါသည်။ အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီအတွင်း ကောင်းမွန်စွာဖြစ်ထွန်းပြီး ၁၈ ဒီဂရီအထိလည်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကောင်းမွန်စွာဖြစ်ထွန်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။
ဒူးရင်းသီးနှင့်ပတ်သက်၍ ပါးစပ်ရာဇဝင်တစ်ခုရှိခဲ့ပါသည်။ ဒူးရင်းသီးသည် တစ်ချိန် တစ်ခါက တော်ဝင်မျိုးနွယ်များသာ စားသုံးခွင့်ရှိသည့် အသီးတစ်မျိုးဖြစ်ပြီး သာမန်ပြည်သူများ စားသုံးခွင့်မရှိ၊ စိုက်ပျိုးခွင့်မရှိကြောင်းသိရပါသည်။ နန်းတွင်းက မင်းမျိုးမင်းနွယ်များသည် ဒူးရင်းသီး စားပြီးသည့်အခါ တာဝန်ရှိသူများက ဒူးရင်းစေ့များကို သေချာစွာရေတွက်ပြီး အပင်မပြန့်ပွားအောင် အစဉ်အဆက်ဖျက်ဆီးခဲ့ပါသည်။ ဤလုပ်ရပ်သည် မရိုးသားသည့် နန်းတွင်း အစဉ်အလာတစ်ခုဖြစ် ပြီး ဒူးရင်းသီးများသည် နန်းတွင်းတွင် တော်ဝင်အစားအစာတစ်ခုအဖြစ် အစဉ်အဆက်လည်ပတ်ခဲ့ ကြောင်း ဖတ်ရှုရပါသည်။
ဟံသာဝတီနေပြည်တော်တွင် မဟာဓမ္မရာဇာဓိပတိ မင်းကြီးမင်းပြုစဉ်က ကရင်အမျိုးသား စောတာမိုက်သည် ငယ်ရွယ်စဉ်ကပင် ရှင်နန္ဒမာလာဘွဲ့ဖြင့် ရှင်သာမဏေပြုခဲ့ပြီး သက်တော် ၂၀ ရောက်သောအခါ သာသနာ့အကျိုး သယ်ပိုးရန်အတွက် အင်းဝနေပြည်တော်သို့တက်ပြီး ရဟန်း ဖြစ်ရန် ကြိုးပမ်းခဲ့ပါသည်။ အင်းဝဘုရင်နှင့် မိဖုရားကိုယ်တိုင် ရဟန်းဒါယိကာအဖြစ်ခံယူ၍ မြင့်မြတ်သော ရဟန်းဘဝကို ရရှိခဲ့ပါသည်။ အင်းဝနေပြည်တော်တွင် ပိဋကတ်စာပေများ သင်းကြား နေစဉ် တစ်ရက်တွင် နန်းတော်တွင်း၌ သံဃံတော်များကို ဆွမ်းကပ်ကြရာ အချိုပွဲအနေဖြင့် တော်ဝင် အစားအစာဖြစ်သည့် ဒူးရင်းသီးကို ဆက်ကပ်ကြပါသည်။ သံဃံတော်များ ဆွမ်းဘုန်းပြီးသည့်အခါ ထုံးစံအတိုင်း ဒူးရင်းစေ့များကို ပြန်လည်သိမ်းဆည်းယူပါသည်။ ထူးထူးခြားခြား အရှင်နန္ဒမာလာ (ခေါ်) ဖူးတာမိုက် ဘုန်းပေးသည်းဒူးရင်းအမွှာတွင် အစေ့နှစ်စေ့ထပ်နေခဲ့သည်။
အရှင်နန္ဒမာလာ(ဖူးတာမိုက်)သည် အခွင့်ကောင်းယူပြီး အစေ့တစ်စေ့ကို ဝှက်ထားလိုက် ပါသည်။ လအနည်းငယ်ကြာပြီး အရှင်နန္ဒမာလာ ကရင်ပြည်နယ်သို့ အလည်ပြန်ကြွသည့်အခါ ထူးကဲအနံ့အရသာနှင့် ပြည့်စုံသည့်ဒူးရင်းသီးကို လူတိုင်းစားနိုင်စေရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဝှက်ယူလာသော ဒူးရင်းစေ့ကို ဖားကျတောင်တန်းပေါ်တွင် စိုက်ပျိုးခဲ့ပါသည်။ ထိုအချိန်မှစ၍ ကရင် ပြည်နယ်ရှိ တောင်တန်းများပေါ်တွင် ဒူးရင်းပင်များတိုးပွားခဲ့ပါသည်။ ကရင်လူမျိုးများက အရှင် နန္ဒမာလာ(ဖူးတာမိုက်)ကို သူတို့၏ သာသနာ့ကျေးဇူးရှင်အဖြစ်နှင့်သာမက ဒူးရင်းသီးများ၏ဖခင် အဖြစ် နှစ်စဉ် ဒူးရင်းသီးရာသီရောက်တိုင်း ဒူးရင်းသီးပွဲတော်ကို ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောင်တန်းများပေါ်တွင် ဒူးရင်းခြံများစွာရှိသကဲ့ သို့ သက်တမ်း နှစ် ၂၀၀ နှင့်အထက်ရှိ ပိုင်ရှင်မဲ့ သက်တမ်းရင့် ဒူးရင်းတောတစ်တောလည်းရှိ ကြောင်း၊ ၎င်းတောတွင်းရှိ ဒူးရင်းပင်များ၏ လုံးပတ်များသည် အချို့အပင်များဆိုလျှင် လူသုံးယောက်၊ လေးယောက်ဖက်စာခန့်ရှိကြောင်း၊ ၎င်းသက်တမ်းရင့် ဒူးရင်းပင်များသည် အရှင်နန္ဒမာလာ (ဖူးတာ မိုက်) စိုက်ပျိုးခဲ့သည့်အပင်နှင့် နောက်ဆက်ပွားလာသည့် ကနဦးအပင်များဖြစ်ကြောင်း၊ ၎င်းအပင် များကို မည်သူတစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်ခြင်းမပြုဘဲ ဒူးရင်းသီးကြွေကျချိန်တွင် အနီးအနား ကျေးရွာများမှ ရွာသူရွာသားများ မည်သူမဆို သွားရောက်ကောက်ယူနိုင်ကြောင်း၊ ၎င်းအသီးများကို စားသုံးခြင်း၊ လှူဒါန်းခြင်း၊ တစ်ဆင့်ခံပြန်လည်ပေးကမ်းခြင်းများ ပြုလုပ်နိုင်ပြီး စီးပွားဖြစ် တစ်ဆင့်ခံ ပြန်လည်ရောင်းချခြင်း မပြုရကြောင်း၊ ကတိသစ္စာတည်သော ၎င်းဒေသမှ ရွာသူရွာသားများသည် အဆိုပါဒူးရင်းသီးများကို ရှေးအစဉ်အလာအတိုင်း လိုက်နာ၍ဆောင်ရွက်ကြကြောင်း သိရပါသည်။
ဒူးရင်းသီးသည် ပူအိုက်စွတ်စိုသော ရာသီဥတုကိုနှစ်သက်သည်။ ပျှမ်းမျှအပူခိန် ၂၄ ဒီဂရီ စင်တီဂရိတ်နှင့် ၃၀ ဒီဂရီစင်တီဂရိတ်ကြား၊ စိုထိုင်းဆ ၇၅ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇၅ လက်မ အထက် ရသောဒေသတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄ ပေ၊ ၅ ပေခန့်ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာ ပြုလုပ်နိုင်သော မြေညီမြေပြန့်၊ PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေများကို နှစ်သက်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၆၀၀ အထိ စိုက်ပျိုးနိုင်သော်လည်း ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၀၀၀ အောက်တွင်သာ အသီးများကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးကျ ဇွန်လခန့်တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။
ဒူးရင်းသီးမျိုးရွေးချယ်ရာတွင် အသီးထွက်ကောင်းခြင်း၊ အမွှာကြီးပြီး အသားထူ၊ အစေ့ သေး၍ အရသာကောင်းခြင်း၊ စောစောသီးပွင့်ခြင်းတို့ကို ဦးစားပေးသင့်ပါသည်။ အရည်အသွေး ကောင်း မျိုးများဖြစ်သည့် ကန်ကလေး(၁)၊ ကန်ကလေး(၂)၊ ရွှေဒင်္ဂါး၊ မိချောင်းခေါင်းများကို စိုက်ပျိုး နိုင်ပါသည်။ တစ်ဧက ဝင်ဆန့်ပင်ရေမှာ ပင်ကြားတန်းကြား ၃၀ ပေပတ်လျှင် ဆိုလျှင် ၄၈ ပင်၊ ၂၅ ပေ ပတ်လည်ဆိုလျှင် ၇၀ ပင်နှင့်၊ ၂၀ ပေ ပတ်လည်ဆိုလျှင် ၁၀၈ ပင်ဖြစ်ပါသည်။ ဒူးရင်းပင်စိုက်ပျိုး ရန်အတွက် အလျား ၃ ပေ၊ အနံ ၃ ပေ၊ အနက် ၃ ပေအရွယ် စိုက်ကျင်းတူးပြီး မြေခံမြေဩဇာအဖြစ် ၁၅: ၁၅: ၁၅ သုံးမျိုးစပ် နို့ဆီဗူးတစ်ဗူး၊ နွားချေးဆွေး(သို့မဟုတ်)ကြက်ချေးဆွေး နှစ်တင်း၊ မြေအောင်းပိုးသတ်ဆေး တစ်ဇွန်း၊ မဖောက်ထုံး နို့ဆီဘူးတစ်ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင် ရော၍ စိုက်ကျင်းထဲထည့်ကာ တစ်လခန့် နှပ်ထားသင့်ပါသည်။ ကျန်းမာသန်စွမ်းသော တစ်နှစ် နှစ်နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝ မဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရပါသည်။ စိုက်ပျိုးပြီး နှစ်နှစ်သား အထိ ကျနေဒဏ် ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရပါသည်။ ဒူးရင်းပင်၏ ကျနေဘက်အခြမ်း လေးပေ၊ ငါးပေခန့်အကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက အရိပ်လည်းရ၊ ကြားဝင်ငွေလည်းရမည် ဖြစ်ပါသည်။
ဒူးရင်းပင်များကို မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရပါသည်။ အသီးခူးပြီး ချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်းများ ပြုလုပ်ပေးရပါသည်။ စက်တင်ဘာ၊ အောက်တိုဘာလများတွင် မြေသြဇာကျွေးခြင်းကို ပြုလုပ်ပေးရပြီး နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက လေးရက်တစ်ကြိမ် သို့မဟုတ် ငါးရက်တစ်ကြိမ် လုံလောက်စွာ ပေးရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းမည်ဖြစ်ပါသည်။
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြတ်ပြုပြင်ခြင်းလည်း ပြုလုပ်ပေး ရပါမည်။ ရှုပ်ထွေးနေသောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များကိုရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ရောဂါဝင်နိုင်၍ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ် ဆေး သုတ်လိမ်းပေးရန်ဖြစ်သည်။ အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့် ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါသည်။ အပင်ခြေအထက် ၃ ပေတွင် မည်သည့်အကိုင်းမှ မရှိစေရန် ရှင်းထားရပါမည်။
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရပါမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅:၁၅:၁၅ မြေသြဇာကို ၁ ကီလိုဂရမ်မှ ၃ ကီလိုဂရမ် (၆၀ ကျပ်သား မှ ၁ ပိဿာ ၅၀ ကျပ်သား)အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄ တင်း၊ ၅ တင်းခန့်အုပ်ပေးရသည်။ မြေပေါ်ကျွေးရခြင်းမှာ အမြစ်ကိုမထိခိုက်စေရန် ဖြစ်ပါသည်။ မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝ မြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ကောင်းမွန်ပါသည်။
ဒူးရင်းသည် တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ စပွင့်သည်မှ မှည့်သည်အထိ မျိုးအလိုက် ၅ လခွဲမှ ၆ လအထိ ကြာပါသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီး ဆွတ်ခူးနိုင်သည်။ အရောင်ပြောင်း၊ ဆူးကြဲလာလျှင် ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရစ်အထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်ပါသည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရပါမည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။ ဆွတ်ခူးပြီး အသီးများကို သာမာန်အခန်းအပူချိန်တွင် ၁၀ ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ နှစ်ရက် သုံးရက်သာ ခံပါသည်။ အရွယ်ရောက်ပြီး ဒူးရင်းတစ်ပင်ချင်း၏ ပျှမ်းမျှအသီးထွက်ကို ၂၀ လုံးမှ ၂၅ လုံးအထိ သာထားသင့်ပါသည်။ စိုက်ပျိုးပြီး ၇နှစ်အတွင်း အရင်းကျေ၍ အမြတ်ရနိုင် ပါသည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပုံမှန်ထွက်သောကာလမှာ မေ၊ ဇွန်၊ ဇူလိုင်လများ ဖြစ်ပါသည်။
ဒူးရင်းသီးတွင် magnesium, potassium နှင့် copper များ ပါဝင်ခြင်းကြောင့် အရိုး အဆစ်များ သန်မာစေရန် အထောက်အကူပြုပါသည်။ အသက်အရွယ်ကြီးရင့်သည့်အခါ အရိုးပါး ရောဂါမဖြစ်စေရန်ကိုလည်း ကာကွယ်ပေးပါသည်။ Folic acid ပမာဏများ မြင့်မားစွာ ပါဝင်ခြင်း၊ copper နှင့် Iron ဓါတ်များပါဝင်ခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်ပြီး သွေးအားနည်း ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။ ဒူးရင်းသီးမှာပါတဲ့ organosulfur အင်ဇိုင်းသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ အမျှင်ဓာတ်သည် သွေးတွင်း ရှိ မကောင်းသည့် ကိုလက်စထရော ကျဆင်းစေရန် အထောက်အကူပေးသဖြင့် နှလုံးသွေးကြောများ ကို ကျန်းမာစေနိုင်ပါသည်။ ဒူးရင်းသီးတွင် ပါဝင်သည့် potassium သည် သွေးပေါင်ကို အကောင်းဆုံး ထိန်းညှိပေးသဖြင့် သွေးတိုးရောဂါဖြစ်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။
ဒူးရင်းသီးတွင် အများစုပါဝင်သည့် ဗီတာမင်များနှင့် ဓါတ်တိုးဆန့်ကျင်မှုများသည် ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ကိုယ်ခံအားစနစ် မကောင်းခြင်းကို လျှော့ကျစေပါသည်။ Vitamin B, C, E များ ပါဝင်ခြင်းကြောင့် ကင်ဆာဖြစ်စေ သည့် ဆဲလ်များ မဝင်ရောက်နိုင်စေရန် ကာကွယ်ပေးပါသည်။ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း၊ အစက်အပြောက်ဖြစ်ခြင်း၊ ကြွက်သားများပြေလျော့ခြင်း၊ ဆံပင်ကျွတ် ခြင်း၊ သွားကျိုးခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းများကို ကာကွယ်ပေးပါသည်။
ဒူးရင်းသီးတွင် အမျှင်ဓါတ်များများ ပါဝင်ခြင်းကြောင့် အစာခြေစနစ်၏ လှုပ်ရှားမှုနှင့် အစာခြေရည်ထွက်လာရန် လှုံ့ဆော်ပေးနိုင်ခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်တင်းပြီးရစ်နာခြင်းများကို လျှော့ကျစေသည့်အပြင် အူမကြီးကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေး ပါသည်။ ဒူးရင်းသီး၏ အမျှင်ဓါတ်များသည် မပျော်ဝင်နိုင်သည့် အမျှင်ဓါတ်များဖြစ်ခြင်းကြောင့် ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပါသည်။ အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေ၍ အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ Thiamine ပါဝင်ခြင်းကြောင့် လူကြီးများတွင် အစာစားချင် စိတ်ကို တိုးစေနိုင်ပြီး လေပွခြင်း၊ ရင်ပူခြင်း၊ လေခံခြင်းမျိုး မဖြစ်စေရန် ကာကွယ်ပေးပါသည်။
ဒူးရင်းသီးက insulin တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်နေခြင်းကြောင့် ဆီးချို အပါ အဝင် နာတာရှည်ရောဂါများ မဖြစ်စေနိုင်ရန် ကာကွယ်ပေးပါသည်။ ကိုယ်အလေးချိန် တက်ရန် ကြိုးစားနေသူများအနေနဲ့ ဒူးရင်းသီး စားပေးနိုင်ပါသည်။ ကယ်လ်လိုရီ ပါဝင်နေမှုသည် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေရန် အကောင်းဆုံး ထောက်ကူပေးနိုင်ပါသည်။
သို့ရာတွင် တန်လျှင်ဆေး လွန်လျှင်ဘေးဆိုသကဲ့သို့ ဒူးရင်းသီးအများကြီးစားလျှင် ခေါင်းမူးခြင်း၊ သွေးတိုးခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းများဖြစ် နိုင်ပါသည်။ သို့ဖြစ်၍ အပူချိန်ပြင်းသည့် အချိန်တွင် ဒူးရင်းသီးကို ချင့်ချိန်ပြီးစားရန် လိုအပ်ပါသည်။ insulin ကြောင့် ဆီးချိုအပါအဝင် နာတာ ရည်ရောဂါကိုကာကွယ်ပေးနိုင်သော်လည်း ဆီးချိုရောဂါရှိသူများ ဒူးရင်းသီးကို အလွန်အကျွံမစားသုံး သင့်ပါ။
ဒူးရင်းသီးကို အချို့ကလည်း စူးရှသောအနံကြောင့် မကြိုက်သောသူတွေလည်း ရှိကြပါ သည်။ သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။ ဒူးရင်းသီး၏ ထူးခြားသောအရသာကြောင့် အရှေ့ တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းကို “အသီးမှာဘုရင်”ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ယခုလို ဒူးရင်းသီးပေါ်ချိန်ကာလတွင် ဒူးရင်းစိုက်ပျိုးသူများ၊ သယ်ယူပို့ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများ အလုပ်အကိုင် အဆင်ပြေ၍ စီးပွားဖြစ်ထွန်းလျှက်ရှိပါကြောင်း ထူးကဲအနံ့အရသာနှင့်ပြည်စုံသည့် ရာသီပေါ်ဒူးရင်းသီးအကြောင်း လေ့လာမိသမျှကို တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)